ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးက သူတို့အသင်းရဲ့ ကာလရှည်ပစ်မှတ် ဖြစ်သူ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗန်ဘက်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

လီဗာပူးက ယခု နွေဈေးကွက်အတွင်းမှာ ချိန်ဘာလိန် ၊ နာဘီကီတာ ၊ မီလ်နာ ၊ ဖာဘင်ဟို ၊ ဟန်ဒါဆန် စတဲ့ ကွင်းလယ်လူ ၅ဦး အထိ လက်လွှတ်ပြီးနောက် အယ်လစ္စတာ ၊ ဆိုဘော့ဇလိုင်းနဲ့ အန်ဒို စတဲ့ ကွင်းလယ်လူ ၃ဦးသာ ပြန်လည် ခေါ်ယူထားနိုင်တာကြောင့် လီဗာပူးနည်းပြချုပ် ကလော့ပ်က နွေဈေးကွက်မပိတ်မီမှာ နောက်ထပ် ကွင်းလယ်လူ ၁ဦးကို ထပ်မံ ခေါ်ယူချင်နေပါတယ်။

Photo Credit: Goal

လီဗာပူးနည်းပြချုပ် ကလော့ပ်က သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ဗဟိုကွင်းလယ်မှာရော ၊ ကွင်းလယ်ခံစစ်မှာပါ အကောင်းဆုံး ကစားနိုင်တဲ့ ကွင်းလယ်လူ တဦးကို ခေါ်ယူချင်နေတာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗန်ဘက်ဟာ လီဗာပူးရဲ့ နံပါတ်၁ ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးက ယမန်နေ့ ညပိုင်းမှာပဲ ဂရာဗန်ဘက်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီး လီဗာပူးဟာ ဂရာဗန်ဘက်ကို ခေါ်ယူနိုင်ဖို့ အတွက် ဘိုင်ယန်မြူးနစ်နဲ့ တရားဝင် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေကြောင်း သိရပါတယ်။

Photo Credit: Team Talk

လီဗာပူးက ဂရာဗန်ဘက်ကို အငှားနဲ့ ခေါ်ယူမလား ၊ အပြီးသတ် ခေါ်ယူမလား ဆိုတာ အတိအကျ မသိရသေးပဲ လီဗာပူးရဲ့ တာဝန်ရှိသူတွေဟာ ဂရာဗန်ဘက်ကို အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

ဘိုင်ယန်မြူးနစ်ကတော့ သူတို့အသင်းအတွက် ကွင်းလယ်လူသစ် တဦး ခေါ်ယူနိုင်မှသာ ဂရာဗန်ဘက်ကို အသင်းပြောင်းခွင့် ပေးဖွယ် ရှိနေပြီး ဘိုင်ယန်မြူးနစ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်လူ တော်မီနေးကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်ထားပါတယ်။