MySport Myanmar

လိုင်ယွန်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့တဲ့ ချယ်လ်ဆီး နည်းပြဟောင်း ပေါ်တာ

ချယ်လ်ဆီး နဲ့ ဘရိုက်တန်အသင်းတို့ရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်သူ ဂရေဟမ် ပေါ်တာကို လိုင်ယွန်အသင်းက အသင်းနည်းပြသစ်အဖြစ် ဆောင်ရွက်ဖို့ ကမ်းလှမ်းခဲ့မှုအပေါ် ပေါ်တာက ငြင်းဆန် ပယ်ချသွားခဲ့တယ်လို့ Mail Sports မှာ ဖော်ပြလာခဲ့ပါတယ်။

လီဂူးဝမ်းကလပ် လိုင်ယွန်အသင်းက အသင်းရဲ့ နည်းပြသစ်နေရာမှာ အသင်းလက်မဲ့ ဖြစ်နေသူ ဂရေဟမ် ပေါ်တာကို ခန့်အပ်သွားဖို့အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း ပေါ်တာဘက်ကတော့ ဒီကမ်းလှမ်းချက်အပေါ် ယဉ်ကျေးစွာနဲ့ ငြင်းဆိုသွားခဲ့ပါတယ်။

Photo Credit : 2Playbook

လိုင်ယွန်အသင်းဟာ လက်ရှိ ဘောလုံးရာသီအတွင်းမှာ လီဂူးဝမ်း (၄)ပွဲ ကစားထားပြီးချိန် နိုင်ပွဲ လုံးဝ မရှိသေးပဲ ရှုံးပွဲ (၃)ပွဲ သရေ (၁)ပွဲသာ ရှိနေသေးပြီး ရမှတ်လည်း (၁)မှတ်တည်းသာ ရထားရင်း အမှတ်ပေးဇယားရဲ့ အောက်ဆုံးကိုသာ ရောက်ရှိနေရပါတယ်။

ဒီလို အခြေအနေတွေကြောင့် လိုင်ယွန်အသင်း တာဝန်ရှိသူတွေက လက်ရှိ အသင်းနည်းပြ လော်ရန် ဘလန့်စ်ကို ရာထူးကနေ ထုတ်ပယ်သွားချင်နေပြီး နည်းပြအပြောင်းအလဲ လုပ်ဆောင်သွားချင်နေတာကြောင့် ပေါ်တာကို ချိတ်ဆက်လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : We Ain’t Got No History

ဒါကြောင့် လိုင်ယွန်အသင်းရဲ့ အမေရိကန် သူဌေး ဂျွန် တက်စ်တာက ချယ်လ်ဆီး နည်းပြဟောင်း ပေါ်တာကို ချိတ်ဆက် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ပေါ်တာကိုယ်တိုင်ကလည်း နိုင်ငံရပ်ခြားမှာ နည်းပြ ပြန်လုပ်ကိုင်ဖို့ စိတ်ဝင်စားနေပေမယ့် လက်ရှိမှာတော့ နည်းပြနယ်ပယ်ထဲ ပြန်လည် ဝင်ရောက်ဖို့ အချိန်တန်ပြီလို့ မခံစားရသေးတာကြောင့် လိုင်ယွန်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။

အသက် (၄၈)နှစ်အရွယ် နည်းပြ ပေါ်တာဟာ Östersunds FK ဆိုတဲ့ ဆွီဒင် ကလပ်အသင်း တစ်သင်းကို (၇)နှစ်နီးပါးလောက်အထိ ကိုင်တွယ်ခဲ့ဖူးပြီး အဲ့ဒီနောက်ပိုင်းမှ ဘရိုက်တန် ချယ်လ်ဆီးတို့ကို ဆက်လက် ကိုင်တွယ်ရင်း ပြီးခဲ့တဲ့ ဧပြီလကမှ ချယ်လ်ဆီးနည်းပြ ရာထူးကနေ ထုတ်ပယ်ခံထားရတာပဲ ဖြစ်ပါတယ်။

Exit mobile version