MySport Myanmar

ဇန်နဝါရီလထဲမှာ အိုဒွိုင်းကို အသင်းဆီ ပြန်လည် ခေါ်ဆောင်ဖွယ် ရှိနေတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ နွေဈေးကွက်တုန်းက လေဗာကူဆင်အသင်းဆီ တစ်ရာသီ အငှားချထားခဲ့တဲ့ လူငယ် တောင်ပံကစားသမားလေး ဟတ်ဆန်အိုဒွိုင်းကို လာမယ့် ဇန်နဝါရီလထဲမှာ အငှားစာချုပ် ဖျက်သိမ်းပြီး အသင်းဆီ ပြန်လည် ခေါ်ဆောင်သွားဖွယ် ရှိနိုင်တယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ကြပါတယ်။

Photo Credit : 90Min

အသက်(၂၁)နှစ်အရွယ် ညာတောင်ပံကစားသမားလေး အိုဒွိုင်းဟာ ချယ်လ်ဆီးအသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတာကြောင့် နွေဈေးကွက်ထဲမှာပဲ ဘွန်ဒစ်လီဂါ နာမည်ကျော်ကလပ်ဖြစ်တဲ့ လေဗာကူဆင်အသင်းဆီ ပြောင်းရွှေ့သွားခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ လေဗာကူဆင်အတွက် ပြိုင်ပွဲစုံ (၅)ပွဲ ပါဝင်ထားနိုင်ပြီး ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ထားခဲ့တဲ့ အိုဒွိုင်းကို သူရဲ့မူလကလပ်ဖြစ်တဲ့ ချယ်လ်ဆီးအသင်းက လာမယ့် ဇန်နဝါရီလမှာပဲ အသင်းဆီ ပြန်လည် ခေါ်ဆောင်သွားဖို့ ပြင်ဆင်လာခဲ့ပြီး ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာကလည်း အိုဒွိုင်းကို အသင်းမှာ နေရာပြန်ပေးသွားဖို့ စဉ်းစားလာခဲ့ပါတယ်။

Photo Credit : Sports Illustrated

ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ အင်္ဂလန် တောင်ပံကစားသမားကို လေဗာကူဆင်အသင်းဆီ အငှားချခဲ့တုန်းက လိုအပ်ရင် ဇန်နဝါရီလထဲမှာ ပြန်လည် ခေါ်ယူနိုင်ခွင့်ကိုပါ ထည့်သွင်းထားခဲ့တာကြောင့် ဒီအချက်အတိုင်း အသင်းဆီ ပြန်လည် ခေါ်ဆောင်ဖို့ နည်းပြပေါ်တာက စဉ်းစားနေတာ ဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာနှောင်းပိုင်းမှာ ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲက စတင်တော့မှာဖြစ်ပြီး ဒီဇင်ဘာလကုန်ခါနီးမှ ပြိုင်ပွဲက ပြီးဆုံးမှာဖြစ်လို့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ထားရတဲ့ ကစားသမားတွေမှာ ပွဲပန်းဒဏ်နဲ့ ဒဏ်ရာပြသာနာတွေ ရှိလာနိုင်တာကြောင့် ချယ်လ်ဆီးနည်းပြပေါ်တာက အိုဒွိုင်းကို အသင်းဆီ ပြန်လည် ခေါ်ဆောင်ထားချင်တာ ဖြစ်ပါတယ်။ ချယ်လ်ဆီး လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူ အိုဒွိုင်းဟာ ၂၀၁၈ခုနှစ်မှာပဲ ချယ်လ်ဆီးစီနီယာအသင်းအတွက် စတင် ကစားခဲ့ရတာဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘောလုံးရာသီနဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီတွေမှာ အသင်းအတွက် ပွဲအရေအတွက်များစွာ ကစားခွင့် ရရှိခဲ့ပါတယ်။ အဲ့ဒီအချိန်ကတည်းက အခြား ကလပ်အသင်းတွေရဲ့ အငှားကမ်းလှမ်းမှုတွေ ရှိခဲ့တဲ့ အိုဒွိုင်းဟာ အခုနှစ်နွေမှသာ လေဗာကူဆင်ဆီကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ အိုဒွိုင်းဟာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၁၂၆)ပွဲ ကစားပေးထားနိုင်ခဲ့ပြီး သွင်းဂိုး (၁၆)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

Exit mobile version