ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၂-၀ ဘုန်းမောက် ပွဲစဉ်မှာ ဒဏ်ရာရသွားတဲ့ အသင်းရဲ့ အဓိက ညာနောက်ခံလူ ရစ်စီဂျိမ်းစ်ရဲ့ ဒဏ်ရာဟာ ဒဏ်ရာဟောင်းပေါ်မှာ ပြန်ဖြစ်တဲ့ ဒဏ်ရာ ဖြစ်တာကြောင့် စိတ်ပူစရာ အနေအထားမှာ ရှိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၇) အဖြစ် ဘုန်းမောက်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ရစ်စီဂျိမ်းစ် အပါအဝင် အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပြီး အဓိက ကစားသမားတွေ ပါဝင်ကစားနိုင်တာကြောင့် ချယ်လ်ဆီးက ပွဲစပွဲဆုံး ဘုန်းမောက်ကို တရစပ် ဖိအားပေး ကစားသွားနိုင်ခဲ့ကာ သက်တောင့်သက်သာနဲ့ နိုင်ပွဲ တပွဲကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ချယ်လ်ဆီး ၂-၀ ဘုန်းမောက် ပွဲစဉ်မှာ ချယ်လ်ဆီးအတွက် သွင်းဂိုးတွေကို ပွဲချိန် ၁၆မိနစ်မှာ ကိုင် ဟားဗက်နဲ့ ပွဲချိန် ၂၄မိနစ်မှာ မေဆန်မောင့်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ချယ်လ်ဆီးအတွက် ကံမကောင်းတာ တခုက မကြာသေးမီကမှ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ညာနောက်ခံလူ ရစ်စီဂျိမ်းစ်ဟာ ဒဏ်ရာပြန်ရသွားခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၂၃နှစ် အရွယ် ရစ်စီဂျိမ်းစ်က ပွဲချိန် ၅၂မိနစ်မှာ ဒူးဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပြီး သူက ဒဏ်ရာရရချင်းမှာပဲ ချယ်လ်ဆီးရဲ့ နည်းပြခုံတန်းဆီ လူစားလဲဖို့ အချက်ပြကာ အသင်းခေါင်းဆောင် အက်စ်ပီလီကွီတာနဲ့ လူစားလဲခဲ့ပါတယ်။ ချယ်လ်ဆီးနည်းပြ ပေါ်တာကလည်း ရစ်စီဂျိမ်းစ်ဟာ ဒူးဒဏ်ရာ ပြန်ရသွားခဲ့တာ ဖြစ်ကြောင်း ဝန်ခံသွားခဲ့ပြီး ရစ်စီဂျိမ်းစ်ရဲ့ ဒဏ်ရာဟာ ဒဏ်ရာဟောင်းပေါ်မှာ ပြန်ရတဲ့ ဒဏ်ရာမျိုး ဖြစ်တာကြောင့် စိုးရိမ်ရကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: The Sun

ဂရေဟမ် ပေါ်တာက – “ရစ်စီဂျိမ်းစ်ရဲ့ ဒဏ်ရာနဲ့ ပတ်သတ်ပြီး အသေးစိတ်တော့ မသိရသေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဒဏ်ရာက ဒဏ်ရာဟောင်း နေရာမှာ ပြန်ရသွားတဲ့ ဒဏ်ရာမျိုးပါ။ ဒီတော့ စိုးရိမ်ရပါတယ်။ ကျွန်တော်တို့က နောက်ထပ် ၂၄နာရီနဲ့ ၂၈နာရီ ကြာရင်တော့ သူ့ရဲ့ ဒဏ်ရာနဲ့ ပတ်သတ်ပြီး အသေးစိတ် သိရမယ် ထင်ပါတယ်။ ဒဏ်ရာအကြောင်း ပြောဖို့ စောနေသေးပေမယ့် သူက တခုခုကို ခံစားမိခဲ့ပါတယ်။ ဒဏ်ရာပြန်ရသွားလို့ သူက အတော်လေး စိတ်ဓာတ်ကျနေပါတယ်။ အခုချိန်မှာတော့ ကျွန်တော်တို့က သူ့ရဲ့ဒဏ်ရာ အရမ်းကြီး မဆိုးရွားဖို့ပဲ မျှော်လင့်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။