၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမဏီကို ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်အောင် အချိန်ပို သွင်းဂိုးနဲ့ ကူညီနိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား သူရဲကောင်းလေး မာရီယို ဂေါ့ဇီကတော့ သူ့ရဲ့ လက်ရှိကလပ် ပီအက်စ်ဗွီကနေ ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် ဖရန့်ဖတ်ဆီ ပြန်လည် ပြောင်းရွှေ့တော့မယ်လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၀ အရွယ် ကွင်းလယ်တိုက်စစ် ကစားသမား မာရီယို ဂေါ့ဇီက ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမဏီ အတွက် အရေးပါတဲ့ ကစားသမား တဦး ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒဏ်ရာပြဿနာများစွာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့မှာ ပွဲထွက်ခွင့်တွေ ရဖို့ ရုန်းကန်ခဲ့ရပြီး နောက်ဆုံး နယ်သာလန် နာမည်ကြီးကလပ် ပီအက်စ်ဗွီဆီ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ရတဲ့ အထိ ဖြစ်သွားခဲ့ရပါတယ်။

Photo Credit: 90 Mins

ဒဏ်ရာပြဿနာတွေကြောင့် သူ့ကို ခေါ်ချင်တဲ့ အသင်းတွေ ရှားပါးခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ ဂေါ့ဇီက သူဟာ အဆင့်မီ ကွင်းလယ်တိုက်စစ် ကစားသမား တဦး ဖြစ်နေဆဲပါ ဆိုတဲ့ အချက်ကို ပီအက်စ်ဗွီနဲ့အတူ သက်သေပြနိုင်ခဲ့ပါတယ်။

ဂေါ့ဇီက ပီအက်စ်ဗွီ အတွက် ပြိုင်ပွဲစုံမှာ ၅၂ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့ရာ သွင်းဂိုး ၁၂ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၁ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ပီအက်စ်ဗွီနဲ့အတူ နယ်သာလန် ရှုံးထွက်ဖလား ၁လုံးလည်း သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။

Photo Credit: 90 Mins

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဖရန့်ဖတ် ၊ ဘင်ဖီကာနဲ့ အင်တာ မိုင်ယာမီတို့က ဂေါ့ဇီကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြပြီး ဂေါ့ဇီကတော့ သူ့ရဲ့ မွေးရပ်မြေ ဖြစ်တဲ့ ဂျာမဏီဆီ ပြန်ကာ ဖရန့်ဖတ်နဲ့ လက်တွဲဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဂေါ့ဇီက ဖရန့်ဖတ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့သလို ဖရန့်ဖတ်ကလည်း ဂေါ့ဇီရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၄သန်းကို ပေးချေဖို့ အသင့် ရှိနေကြောင်း သိရပါတယ်။