ဂျာမနီနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ကြယ်ပွင့်ဟောင်း ကွင်းလယ်တိုက်စစ် ကစားသမား မာရီယို ဂေါ့ဇီက သူ့အနေနဲ့ ၂၀၁၆ခုနှစ်တုန်းက နည်းပြကြီး ယာဂန် ကလော့ပ် ကိုင်တွယ်နေတဲ့ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ခွင့် ရရှိခဲ့ပေမယ့်လည်း ငြင်းဆန်ပယ်ချခဲ့ရတဲ့ အကြောင်းအရင်းကို ထုတ်ဖော် ရှင်းလင်း ပြောဆိုလာခဲ့ပါတယ်။
လက်ရှိမှာ အသက် (၃၂)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဂျာမနီ လက်ရွေးစင်ဟောင်း ဂေါ့ဇီဟာ ဒေါ့မွန်မှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့ရင်း ၂၀၁၀ကနေ ၂၀၁၃ ဘောလုံးရာသီအတွင်း ဒေါ့မွန်အတွက် အကောင်းဆုံး တောက်ပခဲ့ပြီး အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါဖလား (၂)ကြိမ်အထိ ပိုင်ဆိုင်ခဲ့သလို ချန်ပီယံလိဂ် ဖိုင်နယ်အထိလည်း တက်လှမ်းနိုင်ခဲ့ပါတယ်။
Photo Credit : Goal
ဒေါ့မွန်မှာ ဒီလောက်အထိ တောက်ပခဲ့တဲ့ ဂေါ့ဇီကို ဘိုင်ယန်မြူးနစ်က ခေါ်ယူခဲ့ပြီး နောက် (၃)နှစ်အကြာမှာပဲ ဂေါ့ဇီက ဒေါ့မွန်ဆီ ပြန်ရောက်သွားခဲ့ပါတယ်။ ဂေါ့ဇီအနေနဲ့ ဘိုင်ယန်ကနေ ဒေါ့မွန်ဆီ ပြန်မပြောင်းခင်မှာ ကလော့ပ်ကိုယ်တိုင်က လီဗာပူးလ်အသင်းဆီ ပြောင်းလာဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဂေါ့ဇီကတော့ ငြင်းဆန်ပြီး ဒေါ့မွန်ဆီသာ ပြောင်းရွှေ့ခဲ့ပါတယ်။
“၂၀၁၆တုန်းက ယာဂန် ကလော့ပ်ကိုယ်တိုင်နေတဲ့ အင်္ဂလန်က နာမည်ကျော် ကလပ်အသင်း လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပါသေးတယ်။ လီဗာပူးလ်မှာရှိတဲ့ ယာဂင်ရဲ့ နေအိမ်ကို သွားပြီးတော့ သူနဲ့ကျွန်တော်တို့ စကားပြောဖြစ်ခဲ့တယ်။ ဘောလုံးအကြောင်း သိပ်မပြောဖြစ်ဘူး။ သူက ဒီမှာဆို ကျွန်တော် ဘယ်လောက် ကစားရမှာ ပျော်ရွှင်ရမှာ။ ဒီအသင်းက အံ့မခန်းပဲ။ မင်းသေချာစဉ်းစားကြည့်ဆိုပြီး ပြောတယ်။ ကျွန်တော် သူ့အတွက် ထပ်မံပြီး ကစားချင်လာခဲ့ပါတယ်။
Photo Credit : Liverpool Echo
“ဒါပေမယ့် ကျွန်တော် ချက်ချင်းပဲ အောင်မြင်မှု ရယူချင်ခဲ့တယ်။ ကျွန်တော် အရမ်းလည်း စိတ်မရှည်မိဘူး။ လီဗာပူးလ်က အဲ့ဒီအချိန်မှာ အဆင့်(၈)ပဲ ရခဲ့ပေမယ့် ဒေါ့မွန်ကတော့ ဘွန်ဒက်စ်လီဂါမှာတော့ ဒုတိယထိ ရနေပါတယ်။နောက်ပြီး ဘောလုံးနယ်ပယ်ထဲက ကျွန်တော်ရဲ့ အခင်မင်ဆုံး သူငယ်ချင်းထဲကတစ်ဦးဖြစ်တဲ့ ရှရယ်လ်ကိုလည်း ဒေါ့မွန်က ခေါ်ယူခဲ့တယ်။ ဒေါ့မွန်မှာ ပထမဆုံးအကြိမ် ကစားခဲ့တုန်းက ဘယ်လောက် ပျော်စရာကောင်းခဲ့သလဲ ဆိုတာကို သတိရလာမိပါတယ်။”
“ဒါကြောင့်ပဲ ကျွန်တော် ဒေါ့မွန်ဆီ ပြန်ခဲ့တယ်။ ကျွန်တော် ဒေါ့မွန်ကို ချစ်သလောက် ယာဂင်နဲ့အတူ ထူးခြားတဲ့ ခရီးကြီးတစ်ခု လွတ်သွားတယ်လို့ ခံစားရတယ်။ ယာဂင်က လီဗာပူးလ်ကို ထိပ်တန်းအသင်းအဖြစ် တည်ဆေက်ဖို့ အချိန်လိုအပ်တယ်ဆိုတာ ကျွန်တော် နားမလည်ခဲ့ပါဘူး။ ချန်ပီယံလိဂ်မှာ ချက်ချင်း ကစားရဖို့က ကျွန်တော့်အတွက် တကယ် မလိုအပ်ပါဘူး။” လို့ ဂေါ့ဇီက ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။