PSV အိုင့်ဟိုဗင်အသင်းရဲ့ ဂျာမန်ကွင်းလယ်ကစားသမားဖြစ်သူ မာရီယိုဂေါ့ဇီက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့စျေးကွက်အတွင်းမှာတုန်းက သူ့ကို သူရဲ့အသင်းဟောင်းဖြစ်ခဲ့ဖူးတဲ့ ဘိုင်ယန်မြူးနစ်အသင်းကနေ ပြန်လည်ခေါ်ယူဖို့အတွက် ချိတ်ဆက်ခဲ့သေးပေမယ့် သူကတော့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်နိုင်ဖို့အတွက် နယ်သာလန်ကလပ် PSV ကိုသာ ရွေးချယ်လိုက်ရတာဖြစ်တယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : PSV

အသက်(၂၈)နှစ်အရွယ်ရှိ ဂျာမန်လက်ရွေးစင်ဟောင်းတစ်ဦးဖြစ်တဲ့ ကွင်းလယ်ကစားသမား ဂေါ့ဇီဟာ ဒီနှစ်နွေမှာပဲ ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့တာကြောင့် PSV အသင်းဆီကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ပြောင်းရွေ့ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် PSV နဲ့ မပူးပေါင်းခင် အသင်းလက်မဲ့ ဖြစ်နေချိန်မှာ သူ့ကို အသင်းဟောင်း ဘိုင်ယန်ကနေ ပြန်လည်ခေါ်ယူသွားဖို့ ဆက်သွယ်ခဲ့ပေမယ့်လည်း ဘိုင်ယန်ကို ပြောင်းရွေ့ကစားခဲ့ရင် ပွဲကစားခွင့်က အကန့်အသတ်တစ်ခုအောက်မှာ ရှိနေရမှာဖြစ်တဲ့အတွက် ဘိုင်ယန်ထက် PSV ကိုသာ ရွေးချယ်ခဲ့ရတာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

ဂေါ့ဇီိက “ပြီးခဲ့တဲ့နွေရာသီတုန်းက ကျွန်တော်တို့တွေ ကျွန်တော်ရဲ့အနာဂတ်အကြောင်း ဘိုင်ယန်အသင်းရဲ့ အစီအစဉ်တွေအကြောင်းကို ပြောဆိုဆွေးနွေးခဲ့ပါသေးတယ်။ သူတို့က ကျွန်တော့်ကို လူသားတစ်ယောက် အနေနဲ့ရော ကစားသမားတစ်ယောက်အဖြစ်နဲ့ပါ တန်ဖိုးထားတယ်လို့ ပြောဆိုခဲ့ပြီးတော့ အသင်းဆီ ပြန်လည်ခေါ်ဆောင်ဖို့လည်း ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် ကျွန်တော် စိန်ခေါ်မှုအသစ်တွေကိုပဲ ပိုပြီးသဘောကျမိပါတယ်” လို့ လို့ ရှင်းလင်းပြောဆိုသွားခဲ့ပြီး ဘိုင်ယန်နည်းပြ ဟန်ဆီဖလစ်နဲ့ ပတ်သက်ပြီးတော့လည်း “ဟန်ဆီက ဘိုင်ယန်မှာ တကယ့်ကို ကျပ်တည်းတဲ့ ပွဲစဉ်တွေကို ဖြတ်သန်းနေရတယ်။ ကျွန်တော် PSV မှာ ကြုံ့တွေ့နေရသလိုမျိုး။ သူက တကယ့်ကို နည်းပြကောင်းတစ်ယောက်ပါ။ အသင်းတစ်သင်းကို ရာသီဝက်လောက်မှာ စတင်ကိုင်တွယ်ပြီး ဒီအသင်းကိုလည်း ဖလား(၃)လုံးချန်ပီယံဖြစ်အောင်ပါ သူစွမ်းဆောင်ပေးနိုင်ခဲ့တယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် ဂေါ့ဇီက လာမယ့်အနာဂတ်မှာ သူအနေနဲ့ ဂျာမန်မြေကို ပြန်သွားနိုင်သေးတယ်ဆိုပေမယ့်လည်း လက်ရှိမှာတော့ PSV အသင်းအတွက်ကိုပဲ အပြည့်အဝ အာရုံစိုက်နေတယ်လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ ဂေါ့ဇီဟာ ဒီရာသီမှာ PSV အသင်းအတွက် ပြိုင်ပွဲစုံ(၁၃)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၄)ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု (၃)ကြိမ်အထိ စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။