အတ္တလန်တာအသင်းရဲ့ ဘယ်နောက်ခံကစားသမားတစ်ယောက်ဖြစ်တဲ့ ရော်ဘင်ဂိုဆန်က သူရဲ့စီးရီးအေပြိုင်ဘက်တစ်ဦးဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ပတ်သက်ပြီး သူကြုံတွေ့ခံစားခဲ့ရတဲ့ ရှက်စရာဖြစ်ရပ်တစ်ခုအကြောင်းကို ထုတ်ဖော်ပြောဆိုလာခဲ့သလို အခုအချိန်ထိလည်း အဲ့ဒီဖြစ်ရပ်ကြောင့် သူအရှက်ရနေသေးတယ်လို့ ဂိုဆန်က ပြောဆိုလာခဲ့ပါတယ်။

Photo Credit : RT

အသက်(၂၆)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင်ကစားသမား ဂိုဆန်ဟာ သူနှစ်သက်သဘောကျရတဲ့ ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ရချိန်မှာ ရော်နယ်ဒို ဝတ်ဆင်ထားတဲ့ ဂျုဗင်တပ်စ်ဝတ်စုံကို တောင်းဆိုမိခဲ့ရာကနေ ရော်နယ်ဒိုက ဂိုဆန်ကို ဝတ်စုံပေးဖို့ ငြင်းဆန်သွားခဲ့တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဂိုဆန်က “ဂျုဗင်တပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပွဲစဉ်အပြီးမှာ ရော်နယ်ဒိုရဲ့ဝတ်စုံကို လိုချင်နေတဲ့ ကျွန်တော်ရဲ့စိတ်ကူးအိမ်မက်လေး ပြည့်ဝရအောင် ကျွန်တော်ကြိုးစားခဲ့ပါတယ်”

Photo Credit : Goal

“ပွဲသိမ်းခရာမှုတ်လိုက်ချိန်မှာတော့ ကျွန်တော်သူ့ဆီကို သွားခဲ့တယ်။ ပြီးတော့ ကျွန်တော် သူ့ဝတ်စုံကို တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ လက်မခံပဲ ပယ်ချသွားခဲ့တယ်။ ကျွန်တော်သူ့ကို မေးပါတယ်။ ခရစ္စတီယာနိုရေ ငါမင်းရဲ့ဝတ်စုံလေးများ ရနိုင်မလားဆိုပြီး။ သူက ကျွန်တော့်ကို လုံးဝမကြည့်ပဲ မရဘူးလို့ပဲ ဖြေသွားခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော် လုံးဝကို မျက်နှာပျက်သွားခဲ့ရသလို အရမ်းလည်း ရှက်သွားမိခဲ့ရတယ်။ ကျွန်တော် ခုချိန်ထိကို ခံစားနေရတုန်းပါပဲ။ ဒီလို အခိုက်အတန့်မျိုးကို သင်တို့လည်း သိကြမှာပါ။ ရှက်စရာကောင်းတဲ့ အရာတစ်ခုခုနဲ့ ရင်ဆိုင်လိုက်ရပြီဆိုရင် ကိုယ့်ရဲ့ဘေးဘီကို လှမ်းကြည့်ပြီး ဘယ်သူကများ ငါ့ကို သတိထားမိသွားလဲမသိဘူးဆိုပြီး စိတ်ပူပန်လာတတ်တာမျိုးလေ။ ကျွန်တော်လည်း အဲ့ဒီနေရာကနေ အလျင်အမြန်ကို ထွက်သွားခဲ့ရပါတယ်။ ဒါဟာ ကျွန်တော်ခံစားခဲ့ရတာတွေပါပဲ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဂိုဆန်ဟာ ဒီအကြောင်းအရာတွေကို သူရဲ့အတ္ထုပတ္တိစာအုပ်ဖြစ်တဲ့ “Dreams are Worthwhile” မှာပါ ထည့်သွင်းဖော်ပြထားတာဖြစ်ပြီး ဂိုဆန်ရဲ့အတ္တလန်တာနဲ့ ရော်နယ်ဒိုရဲ့ ဂျုဗင်တပ်စ်အသင်းတို့ကတော့ လာမယ့်ဧပြီ(၁၈)ရက်နေ့မှာ စီးရီးအေပွဲစဉ်အဖြစ် ထပ်မံတွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။