MySport Myanmar

ချန်ပီယံလိဂ် ဖိုင်နယ်အတွက် အဆင့်သင့် ဖြစ်နေပြီလို့ ဂိုဆန်စ် ကြုံးဝါး

အင်တာမီလန်အသင်းရဲ့ full-back ကစားသမားဖြစ်သူ ရော်ဘင်ဂိုဆန်စ်က မန်ချက်စတာစီးတီးအသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်အတွက် သူတို့ ကစားသမားတွေအားလုံး အဆင့်သင့် ဖြစ်နေကြကြောင်းနဲ့ ဘောလုံးမှာ ဘာမဆို ဖြစ်သွားနိုင်တယ်လို့ သတိပေး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

အင်တာမီလန်အသင်းဟာ မနေ့ညက တိုရီနိုအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဒီရာသီ စီးရီးအေ ရာသီပိတ်ပွဲစဉ်မှာ ကွင်းလယ်လူ ဘရိုဇိုဗစ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ နိုင်ပွဲရခဲ့သလို တစ်ဖက်က မန်စီးတီးကလည်း အက်ဖ်အေဖလား ဖိုင်နယ်မှာ ဒါဘီပြိုင်ဘက် မန်ယူနိုက်တက်ကို ဂန်ဒိုဂန်ရဲ့ ဂိုးတွေနဲ့ အနိုင်ယူရင်း အက်ဖ်အေဖလား ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာ အင်တာမီလန်ရော မန်စီးတီးရောက ဖလား(၂)လုံး ရရှိထားတဲ့ ကလပ်အသင်းတွေ ဖြစ်နေပေမယ့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ရမယ့် ချန်ပီယံလိဂ် ဖိုင်နယ်က နှစ်သင်းလုံးအတွက် အလွန် အရေးပါလို့နေပါတယ်။

Photo Credit : The Times

ဒီဖိုင်နယ်ပွဲနဲ့ ပတ်သက်ပြီး အင်တာမီလန်ရဲ့ ဂျာမနီ ကစားသမား ဂိုဆန်စ်က “ဘောလုံးလောကမှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့အသင်းက ဖိုင်နယ်ကို တက်ရောက်ဖို့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ စီးတီးနဲ့ပွဲမှာ ဒုက္ခကောင်းကောင်း ရောက်မယ်ဆိုတာ သိပေမယ့် ကျွန်တော်တို့ အသင်းမှာလည်း စီးတီးကို အနိုင်ယူနိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ်။ အဆုံးမှာတော့ ကျွန်တော်တို့က အိမ်မက်တစ်ခုထဲမှာ ရှင်သန်နေတာပါ။ ချန်ပီယံလိဂ် ဖိုင်နယ်ဆိုတာကလည်း ကလပ်အသင်း အဆင့်မှာ အကြီးမားဆုံးပွဲကြီးတစ်ပွဲပါပဲ။” လို့ ကြွေးကြော်လိုက်ပါတယ်။

ဒါ့အပြင် အင်တာမီလန် အသင်းနည်းပြ ဆီမြွန်နီအင်ဇာဂီကလည်း သူတို့အသင်းအနေနဲ့ ပြိုင်ဘက် မန်စီးတီးကို ဒုက္ခပေးသွားနိုင်အောင် ကစားသွားဖို့ လိုအပ်ပြီး အကောင်းဆုံး ရင်ဆိုင်ကစားရလိမ့်မယ်လို့ ပြောဆိုထားခဲ့ပါတယ်။

Exit mobile version