MySport Myanmar

ဘိုင်ယန်အတွက် ဒေါ့မွန်က ငယ်နိုင်လေးပါလို့ ပြောလာတဲ့ ဂေါ်ရက်ဇ်ကာ

ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဂေါ်ရက်ဇ်ကာက ဘွန်ဒက်လီဂါ ပွဲစဉ်(၂၅) အပြီးမှာ သူတို့အသင်းဟာ အဆင့်(၂)နေရာကို ရောက်ရှိနေပေမယ့် အဆင့်(၁) ဖြစ်နေတဲ့ ဒေါ့မွန်ဟာ သူတို့အသင်း အတွက် ငယ်နိုင်အသင်း ဖြစ်လို့ အချိန်တန်ရင် သူတို့ကပဲ ဘွန်ဒက်လီဂါ ချန်ပီယံဆုကို သိမ်းပိုက်နိုင်လိမ့်မယ်လို့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ဂျာမဏီလက်ရွေးစင် ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာက ၂၀၁၈ခုနှစ်မှာ ရှော်ကေး ကနေ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ကင်းမစ်ချ် ၊ မူလာတို့နဲ့ တွဲဖက်ကာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူက ယခုနှစ် ရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Bavarian

ဂေါ်ရက်ဇ်ကာက ဒီရာသီမှာ သူ့ရဲ့ ပုံမှန် ခြေစွမ်းကောင်း တရပ်ကို ပြသထားနိုင်ပေမယ့် သူ့ရဲ့အသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်က ယခင်ရာသီတွေလောက် ခြေစွမ်းပိုင်း တည်ငြိမ်မှု မရှိသေးပဲ ဘွန်ဒက်လီဂါ ပွဲစဉ်(၂၅) အပြီးမှာ ရမှတ် ၂၅မှတ်သာ စုဆောင်းထားနိုင်ကာ အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာကို ရောက်ရှိနေပါတယ်။

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ နစ်ဂယ်စမန်းကို ရာထူးကနေ ထုတ်ပယ်ကာ ချယ်လ်ဆီးနည်းပြဟောင်း တူဟယ်လ်ကို နည်းပြသစ် အဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ပြီး ဂေါ်ရက်ဇ်ကာကတော့ သူတို့အသင်းဟာ ဒေါ့မွန်ရဲ့ အနောက်ကို ရောက်နေပေမယ့် ဒေါ့မွန်ဟာ သူတို့အတွက် ငယ်နိုင်ဖြစ်လို့ အချိန်တန်ရင် သူတို့ကပဲ ချန်ပီယံဆုကို ရယူနိုင်လိမ့်မယ်လို့ ဆိုလာပါတယ်။

Photo Credit: Bavarian

ဂေါ်ရက်ဇ်ကာက – “ကျွန်တော်တို့က ချန်ပီယံ အဖြစ် အောင်ပွဲခံဖို့ အဆင်သင့်ပါပဲ။ ကျွန်တော်တို့က ချန်ပီယံဆုကို ၁၁ကြိမ်ဆက်တိုက် ရယူနိုင်ခဲ့တဲ့ မှတ်တမ်းကို လိုချင်ပါတယ်။ အမ်ဘာပေ ပြောခဲ့တဲ့ စကားအတိုင်း ပြန်ပြောရရင် ကျွန်တော်တို့က ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအသင်းပါ။ ကျွန်တော်တို့ရဲ့ အိမ်ကွင်းမှာ ကစားရတဲ့ အခါတိုင်း ပြိုင်ဘက်က ဘယ်အသင်းပဲဖြစ်ဖြစ် ကျွန်တော်တို့ကသာ အနိုင်ရဖို့ ရေပန်းစားနေမှာပါပဲ။ ဒါကြောင့် လာမယ့်ပွဲမှာ (ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်) ဒေါ့မွန်တို့ ရင်ဆိုင်ရမယ့် ဖိအားက အရမ်းကို ကြီးမားနေပါလိမ့်မယ်။ ကျွန်တော်က ဒီလိုမျိုး ပွဲကြီးပွဲကောင်းတွေကို သဘောကျပါတယ်။ ကျွန်တော်တို့က ဒေါ့မွန်ကို အမြဲတမ်း အသာရခဲ့တာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version