ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေ ဖြစ်ကြတဲ့ ညာနောက်ခံ ကစားသမား ကင်မစ်ချ် နဲ့ ကွင်းလယ်လူ ဂေါ့ဇီတို့ဟာ “We Kick Corona – ကိုရိုနာကို နှင်ထုတ်ပါမည်”လို့ အမည်ရတဲ့ အစီအစဉ်ကို ဂျာမနီနိုင်ငံက ကိုရိုနာ ကူးစက်ခံရတဲ့ သူတွေ အတွက် ပြုလုပ်ခဲ့ကြပြီး ယူရို (၁) သန်း ထည့်လှူသွားခဲ့ကြပါတယ်။ ကင်မစ်ချ် နဲ့ ဂေါ့ဇီတို့ဟာ “We Kick Corona” အစီအစဉ်ကနေ ရန်ပုံငွေတွေကို ကောက်ခံသွားမှာ ဖြစ်ပြီး ရန်ပုံငွေတွေကို ဂျာမနီနိုင်ငံက ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ငွေကြေး လိုအပ်သူတွေကို ကူညီပေးသွားမှာ ဖြစ်ပါတယ်။

Photo Credit: Allfootball

ကင်မစ်ချ် နဲ့ ဂေါ့ဇီတို့ဟာ “We KicK Corona” က ရတဲ့ အလှူငွေတွေကို ကိုရိုနာ ဗိုင်းရပ် ရောဂါ ကုသနေကြတဲ့ ကျန်းမာရေး အဖွဲ့အစည်း နဲ့ ပရိဟတိအဖွဲ့တွေဆီကို ပြန်လှူမှာ ဖြစ်ပြီး ကိုရိုနာ ကုသဖို့ ငွေကြေး လိုပါက ဂျာမနီ နိုင်ငံက လူတွေ အနေနဲ့ “www. wekickcorona.com”က ဆက်သွယ်နိုင်ပါတယ်။ ဂျာမနီ လက်ရွေးစင် ဘောလုံးအသင်းရဲ့ အဖွဲ့ဝင်တွေ အားလုံးဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကို ကာကွယ်ဖို့ ယူရို (၂) သန်းခွဲ လှူဒါန်းပြီးတဲ့နောက် “Wekickcorona” အစီအစဉ် ဖြစ်ပေါ်လာခဲ့ပါတယ်။ တိုင်းပြည်ချစ်စိတ်ပါပဲ။

Photo Credit: Allfootball

သတင်းစာ ရှင်းလင်းပွဲမှာ ဂေါ့ဇီက “ကျွန်တော်တို့ အုပ်စုလိုက်နဲ့မှ ကိုရိုနာ ဗိုင်းရပ် ရောဂါကို အနိုင်ယူနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ WeKickCorona အစီအစဉ်နဲ့ ဂျာမနီနိုင်ငံက အကူအညီ လိုအပ်နေတဲ့ လူတွေ အားလုံးကို ကူညီပေးချင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီအစီအစဉ်က အနည်းငယ်ပဲ ထောက်ပံ့နိုင်မယ် ဆိုတာကို သတိထားမိကြပါတယ်”လို့ ပြောခဲ့ပြီး ကင်မစ်ချ်က “လူတိုင်းကူညီနိုင်ပါတယ်။ အနည်းအများ မဆိုပါဝင်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ အဖွဲ့အစည်းတစ်ခု အနေနဲ့ အတူတူ ရပ်တည်မှ ဒီအခက်အခဲကို အနိုင်ယူနိုင်မှာပါ။ တစ်ယောက်နဲ့ တစ်ယောက် အတွက် ရှိနေပေးကြရပါမယ်။ ဘယ်လို အပြုအမှုပဲ ဖြစ်ဖြစ် ရွှေလို တန်ဖိုးရှိပါတယ်”လို့ ပြောခဲ့ပါတယ်။