ဒီနှစ်ဘောလုံးရာသီအတွင်း နည်းပြဟိုဆေးမော်ရင်ဟိုနဲ့ ဆက်ဆံရေးပိုင်း အဆင်မပြေဖြစ်နေသလို မော်ရင်ဟိုသဘောကျအောင် ကစားပြနိုင်ဖို့အတွက်ကိုလည်း ရုန်းကန်နေရတဲ့ စပါးအသင်း အင်္ဂလန်ကွင်းလယ်ကစားသမား ဒယ်လီအလီဟာ မာရင်းအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ အက်အေဖလားပွဲစဉ်မှာတော့ စပါးအသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရင်းနဲ့ ခြေစွမ်းလည်း ပြသနိုင်ခဲ့သလို မော်ရင်ဟိုရဲ့ ချီးကျူးမှုကိုပါ ရရှိခဲ့ပါသေးတယ်။

Photo Credit : theScore

အသက်(၂၄)နှစ်အရွှယ်ရှိ ကွင်းလယ်ကစားသမားအလီဟာ စပါးအသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ သူရဲ့ပွဲထွက်ခွင့်တွေက သိသိသာသာ လျော့နည်းလို့နေရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာဆိုရင် အခုဇန်နဝါရီလအထိ (၇၄)မိနစ်ခန့်သာ ပါဝင်ထားခဲ့ရပါသေးတယ်။ မော်ရင်ဟိုကိုယ်တိုင်ကလည်း အလီကို ပြည်တွင်းရှုံးထွက်ဖလားပွဲတွေနဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေလောက်မှာသာ အသုံးပြုနေတာဖြစ်ပြီး မနေ့ညက ကျင်းပခဲ့ရတဲ့ အက်အေဖလားပွဲစဉ်မှာတော့ တိုက်စစ်မှူးဗင်နီဆီယပ်စ်ရဲ့ အဖွင့်ဂိုးအတွက် ဂိုးဖန်တီးမှုတစ်ကြိမ်ကို လုပ်ဆောင်နိုင်ခဲ့ကာ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

Photo Credit : Goal

အလီရဲ့ စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး စပါးနည်းပြမော်ရင်ဟိုက “ကျွန်တော်ကတော့ သူဒီပွဲအပေါ် ထားရှိခဲ့တဲ့ စိတ်နေစိတ်ထားကို တွေ့မြင်ရတာ အရမ်းဝမ်းသာမိတယ်။ ဒါပေမယ့် ကျွန်တော်အရမ်းတော့ မစွန့်စားလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ကစားနေရတဲ့ ကွင်းမျက်နှာပြင် အနေအထားက အသင်းသားတွေအတွက် အနည်းငယ်အန္တရာယ်ရှိနိုင်ပြီးတော့ သူတို့ရဲ့ စိတ်အားထက်သန်စွာ ယှဉ်ပြိုင်နေမှုကနေ ထိခိုက်ဒဏ်ရာတွေ ရသွားမှာကို မလိုလားပါဘူး။ ဒါပေမယ့် ကျွန်တော် တကယ်ပျော်ရွှင်ရတယ်။ အလီဆီကနေ ကောင်းမွန်တဲ့ ပရော်ဖက်ရှင်နယ် ကစားသမားပီသမှုတွေ ကောင်းမွန်တဲ့ လုပ်အားနှုန်းတွေကို မြင်ခဲ့ရသလို ဂတ်ဆန်ကလည်း ဒီအတိုင်းပါပဲ။ ဒါကြောင် ဒီလိုစွမ်းဆောင်ရည်တွေကို မြင်ရတာ တကယ့်ကိုဝမ်းမြောက်စရာပါ။ သူက ဒီနေ့အသင်းအတွက် ပါဝင်ကစားပေးခဲ့ပြီး ဒီလိုပွဲမျိုးကနေ ကစားသမားတွေရဲ့ အရည်အသွေးကို တိုင်းတာလို့မရဘူးဆိုပေမယ့် သူရဲ့ ပရိုဆန်မှုနဲ့ စိတ်နေစိတ်ထားတို့ကြောင့် ကျွန်တော်ပျော်ရွှင်မိတယ်။ တကယ်လို့များ လာမယ့် ဗုဒ္ဓဟူးနေ့ ပွဲစဉ်မှာသာ အလီက ကျွန်တော်တို့အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်လာဦးမယ်ဆိုရင်တောင် ကျွန်တော်အံ့သြမိမှာ မဟုတ်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။