မနေ့ညက ပဲရစ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပီအက်စ်ဂျီအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် အဖွင့်ပွဲစဉ်မှာ မက်ဂွိုင်းယား ဘိုင်လီတို့ ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိလို့ ဒီစီနီယာကစားသမားတွေရဲ့နေရာမှာ အစားထိုးပါဝင်လာခဲ့ရတဲ့ နောက်ခံလူလေးတွမ်ဇီဘီဟာ ပြိုင်ဘက်တိုက်စစ်ကစားသမားကောင်းတွေဖြစ်တဲ့ နေမာနဲ့ဘာပေတို့ကို အကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့လို့ ယူနိုက်တက်ကစားသမားဟောင်းတွေဖြစ်တဲ့ ရီယိုဖာဒီနန်နဲ့ အိုဝင်ဟားဂရေစ့်တို့ရဲ့ချီးမွှမ်းတွေကိုပါ ရရှိပိုင်ဆိုင်သွားခဲ့ရပါတယ်။

Photo Credit : Daily Mail

အသက်(၂၂)နှစ်အရွှယ်ရှိ နောက်ခံကစားသမားလေး တွမ်ဇီဘီဟာ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားပေးရခြင်းမရှိခဲ့တာဟာ (၁၀)လဝန်းကျင်လောက်အထိ ရှိနေပေမယ့်လည်း ခံစစ်ပိုင်းပြသာနာတွေကြောင့် အသင်းအတွက် ပြန်လည်ပါဝင်ကစားပေးရချိန်မှာတော့ မထင်မှတ်ထားလောက်အောင် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ကာ ပြိုင်ဘက်တိုက်စစ်ကစားသမားတွေကိုလည်း အကောင်းဆုံးဟန့်တားထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်ကစားသမားဟောင်းတွေက တွမ်ဇီဘီကို ဝိုင်းဝန်းချီးကျူးနေကြသလို ပုံမှန်ပွဲထွက်ခွင့်တွေပါ ပေးသင့်တယ်လို့ အကြံပြုပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

တွမ်ဇီဘီရဲ့ခြေစွမ်းတွေနဲ့ပတ်သက်ပြီး သူရဲ့စီနီယာကြီး ဖာဒီနန်က “သူက ယူနိုက်တက်ရဲ့ပွဲထွက်ကစားသမားစာရင်းမှာ အမြဲပါသင့်နေပြီလားဆိုရင် ဒီလိုခြေစွမ်းမျိုးနဲ့တော့ ပါသင့်ပြီလို့ပဲပြောရမှာပါ။ သူက ဒဏ်ရာပြသာနာဆိုးတွေကနေ ကျော်ဖြတ်ပြီး (၁၀)လလောက်အကြာမှ ပထမဆုံးအကြိမ် ပြန်လည်ကစားခဲ့ရတာပါ။ ဒီပွဲမှာ သူဘယ်လိုကစားခဲ့လဲဆိုတာ သေချာကြည့်ကြည့်ပါ။ ဒီလိုခြေစွမ်းမျိုးက ပွဲထွက်ကစားခွင့်ဆိုတဲ့ ဆုမျိုးကို ရရှိသင့်တဲ့ခြေမျိုးပါ။ ဒါပေမယ့် အိုလီကို သူ့ကို ပုံမှန်ပွဲထွက်ခွင့်တွေ ပေးလာဦးမလားဆိုတာကတော့ စောင့်ကြည့်ရပါလိမ့်မယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ဟားဂရေစ့်ကလည်း တွမ်ဇီဘီနဲ့ပတ်သက်ပြီး “ကျွန်တော် ဒီကောင်လေးကို တော်တော်သဘောကျတယ်။ အသင်းအတွက် ဒီကောင်လေး ပြန်လည်ပါဝင်ကစားပေးနိုင်တာကလည်း အရမ်းကံကောင်းသွားပါတယ်။ သူက အားကစားကောင်းတစ်ယောက်ပါ။ ရုပ်ပိုင်းဆိုင်ရာအရဆိုလည်း ဘာပေ နေမာတို့ကို လုံးဝရှိန်မနေပဲ ကစားပြနိုင်ခဲ့တယ်။ သူပိုပြီးတိုးတတ်လာလိမ့်မယ်လို့ ကျွန်တော်ထင်မိတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။