ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အင်္ဂလန် လက်ရွေးစင် နောက်ခံလူ ဂျိုးလ် ဂိုမက်စ်ဟာ လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အင်္ဂလန်နဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖို့ အတွက် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ပုံမှန် ပွဲထွက်ခွင့် ရရှိမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ချင်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် နောက်ခံလူ ဂျိုးလ် ဂိုမက်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ လီဗာပူးရဲ့ အဓိက နောက်ခံလူ တဦး အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ဗန်ဒိုက် ၊ မာတစ် ၊ ကိုနာတေးတို့ရဲ့နောက် စတုတ္ထမြောက် ဦးစားပေး ခံစစ်မှူးအဆင့် အထိ လျှောကျသွားခဲ့သူပါ။

Photo Credit: Fot Mob

ဂိုမက်စ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ၁၄ပွဲသာ ပါဝင် ကစားခွင့် ရထားပြီး ကစားခွင့် ရထားတဲ့ ပွဲတွေရဲ့ တဝက်လောက်ကလည်း အရေးမပါတဲ့ ပွဲတွေ ဖြစ်တာကြောင့် အသင်းကနေ ထွက်ခွာဖို့ စတင် စဉ်းစားလာတာပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျိုးလ် ဂိုမက်စ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာပဲ အသင်းပြောင်းဖို့ စဉ်းစားနေပြီး လီဗာပူးရဲ့ တာဝန်ရှိသူတွေနဲ့လည်း မကြာခင် တွေ့ဆုံကာ သူ့ကို အသင်းပြောင်းခွင့် ပေးဖို့ တောင်းဆိုမယ်လို့ သိရပါတယ်။

Photo Credit: Fot Mob

လက်ရှိမှာတော့ ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်တဲ့ အက်စ်တွန်ဗီလာ ၊ ဝက်စ်ဟမ်း ၊ စပါး စတဲ့ အသင်းတွေက ဂိုမက်စ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပြီး လီဗာပူးကတော့ ဂိုမက်စ်ကို ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် ရမှသာ ရောင်းချဖွယ် ရှိပါတယ်။