လီဗာပူး နည်းပြ ဂျာဂျန် ကလော့ပ် အတွက်တော့ နောက်ထပ် သတင်းဆိုးတစ်ခုပါပဲ။ လီဗာပူး အသင်းရဲ့ ခံစစ်ကစားသမား တစ်ဦးဖြစ်တဲ့ ဂျိုးဂိုးမက်ဇ် ဟာ အိုင်ယာလန် အသင်းနဲ့ ကစားဖို့ အတွက် အင်္ဂလန်အသင်းနဲ့ အတူ ဗုဒ္ဓဟူးနေ့က လေ့ကျင့်ခန်းဆင်းနေတုန်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဂျိုးဂိုးမက်ဇ်ဟာ လေ့ကျင့်ရေးကွင်းမှာ ဘောလုံးကို အသင်းဖော်ဆီ ကန်ပေးပို့လိုက်အပြီး မြေပြင်ပေါ်ကို လဲကျသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ထို အဖြစ်အပျက် ဖြစ်ချိန်မှာ ဂိုးမက်ဇ်ရဲ့ အနီးအနားမှာ အခြားသော ကစားသမား တစ်ဦးတစ်လေမှ ရှိမနေခဲ့ဘူးလို့လည်း ဆိုကြပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ ဂိုးမက်ဇ်ဟာ မြေပြင်ပေါ်ကို လဲကျသွားအပြီးမှာ နာကျင်လွန်းတာကြောင့် အော်ဟစ်နေခဲ့တယ်လို့ သိရပါတယ်။ အသင်းဖော် တွေအနေနဲ့ ထိုကဲ့သို့ ဖြစ်ခဲ့တာကြောင့် ထိတ်လန့်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Photo Credit: Liverpool Echo

ထိုအချိန်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေကြောင့် လီဗာပူး ပရိသတ်တွေ နဲ့ နည်းပြ ကလော့ပ် ပါ စိုးရိမ်ခဲ့ရပါတယ်။ ဆရာဝန် တွေ အနေနဲ့ ဂိုးမက်ဇ် ကို ဖြစ်ဖြစ်ချင်းပဲ ဆေးရုံကို ပို့ဆောင်ခဲ့ပြီးတော့ ညတွင်းချင်းပဲ ကျန်းမာရေးဂရုစိုက်မှုတွေပြုလုပ်ကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ယနေ့မနက် ထွက်ပေါ်လာတဲ့ စ်ဆေးအချက်အဖြေအရ အစီရင်ခံစာ တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ “ ဂိုးမက်ဇ် အနေနဲ့ ဒဏ်ရာပြဿနာ မရရှိနိုင်လောက်ဘူးလို့ မျှော်လင့်ခဲ့ကြပေမယ့် နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ ဂိုးမက်ဇ်ရဲ့ ဒူးမှာ ဒဏ်ရာပြဿနာ တစ်ခု ရှိနေပါတယ်။ ထိုဒဏ်ရာက ပြင်းထန်ပြီးတော့ သူ့ရဲ့ လက်ကျန် ရာသီတစ်ခုလုံးကိုပါ လွဲချော်နိုင်ပါတယ် ” ဆိုပြီး ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

Photo Credit: Liverpool Echo

လီဗာပူး အသင်းအတွက်တော့ ဒါဟာ သတင်းဆိုးတစ်ခု ဖြစ်ပါတယ်။ ဒီရာသီ ခံစစ်ပိုင်း အားလျော့နေခဲ့တဲ့ နည်းပြ ကလော့ပ် ရဲ့ အသင်းဟာ နောက်ထပ် ထိုးနှက်မှု တစ်ခုနဲ့ ကြုံနေရပြီ ဖြစ်ပါတယ်။ အသင်းရဲ့ အဓိက ခံစစ်ကစားသမား တစ်ဦးဖြစ်တဲ့ ဗန်ဒိုက် ကလည်း အယ်ဗာတန်နဲ့ ပွဲစဉ်မှာ ပြိုင်ဘက်ဂိုးသမား ပစ်ဖို့ဒ် နဲ့ ထိခိုက်မိခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့ကာ လက်ကျန်တစ်ရာသီလုံး လွဲချော်ထားရတာ ဖြစ်ပါတယ်။ ဘောလုကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဟယ်ရီရက်နက် ကတော့ “ ဗန်ဒိုက် အနေနဲ့ မတ်လ ဒါမှမဟုတ် ဧပြီလ လောက်မှာ ပြန်ကစားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပုံမှန်ဆိုရင် ၆ လ ဒါမှမဟုတ် ၇ လ လောက်ကြာနိုင်ပါတယ်။ သူက မယုံနိုင်စရာကောင်းလောက်အောင် ကြံ့ခိုင်တဲ့သူ ဖြစ်တာကြောင့် သူအမြန်ဆုံးပြန်သက်သာလာနိုင်မယ်လို့ ထင်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။ ကလော့ပ် အတွက်တော့ ဒီရာသီဟာ အိမ်မက်ဆိုးတွေ ဆက်တိုက်မက်ရတဲ့ ရာသီလို့ ဆိုရမှာ ဖြစ်ပေမယ့်လည်း အသင်းအနေနဲ့ကတော့ ယခုလက်ရှိမှာ ဆိုးဆိုးဝါးဝါးအနေအထားမှာ မဟုတ်ပဲ ပုံမှန်ခြေစွမ်းမာ ရှိနေတာကြောင့် အနည်းငယ် အသက်ရှုချောင်သေးတယ်လို့ ဆိုရပါမယ်။ ကလော့ပ် အနေနဲ့ ဒီရာသီ ခံစစ်ပိုင်းနဲ့ ပတ်သက်ပြီး ခေါင်းစားနိုင်တယ်လို့ ဆိုလိုက်ရပါတယ်။