၂၀၂၁-၂၀၂၂ ဘောလုံးရာသီက ကုန်ဆုံးလုနီးပါး ဖြစ်လာပါပြီ။ ဒီအချိန်မှာ အမှတ်ပေးချန်ပီယံဆု ဥရောပဝင်ခွင့်နေရာတွေနဲ့ တန်းဆင်းဇုန်တိုက်ပွဲတွေအတွက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်လေ့ရှိသလို တိုက်စစ်ကစားသမားတွေအတွက်လည်း သူတို့ သက်ဆိုင်ရာလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုကို ပိုင်ဆိုင်နိုင်ရေးအတွက် ကြိုးပမ်းမှုတွေလည်း ရှိတတ်ကြပါတယ်။ ဒီလို ကြိုးပမ်းရင်းနဲ့မှ သက်ဆိုင်ရာလိဂ်တွေမှာ သွင်းဂိုးအရေအတွက် အများဆုံး ကစားသမားတစ်ဦးကို ရွေးချယ်ပြီး ချီးမြှင့်လေ့ရှိတဲ့ ဥရောပ ရွှေဖိနပ်ဆုအတွက်ကိုလည်း ဥရောပထိပ်တန်းလိဂ်တွေက တိုက်စစ်ကစားသမားတွေဟာ ထပ်မံ အပြိုင်အဆိုင် ဖြစ်လာခဲ့ရပါတယ်။

Robert Lewandowski, Bayern Munich, Champions League 2020-21

Photo Credit : Goal

လက်ရှိအချိန် ဒီနှစ်ဘောလုံးရာသီအတွင်း ဥရောပလိဂ်တွေထဲ သွင်းဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားတွေထဲမှာတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးက (၃၂)ဂိုး ရပ်တည်လို့နေပြီး ဒီနေ့မှာလည်း ဘိုင်ယန်က အာမီးနီးယားအသင်းနဲ့ ယှဉ်ပြိုင်ရဦးမှာဖြစ်လို့ လီဝန်ဒေါစကီးရဲ့ သွင်းဂိုးတွေကို ထပ်မံမြင်တွေ့လာရနိုင်ပါတယ်။ ဥရောပရွှေဖိနပ်ဆု အမှတ်ပေးစည်းမျဉ်းအရ အင်္ဂလန် စပိန် အီတလီ ဂျာမနီနဲ့ ပြင်သစ်လိဂ်တွေက ကစားသမားတွေကို သွင်းဂိုးတစ်ဂိုးအတွက် အမှတ်(၂)မှတ် သတ်မှတ်ပေးတာကြောင့် လက်ရှိ လီဝန်ဒေါစကီးရဲ့ ရမှတ်က (၆၄)မှတ် ရှိနေပြီဖြစ်ပါတယ်။ လက်ရိမှာတော့ လီဝန်ဟာ သူရဲ့အောက်က ကစားသမားတွေနဲ့ သွင်းဂိုးကွာဟမှု ရှိနေတဲ့အပြင် လက်ကျန်ပွဲအရေအတွက်ပါ တူညီနေတာကြောင့် လီဝန်အနေနဲ့ ရွှေဖိနပ်ဆုကို နှစ်ရာသီဆက်တိုက် ရယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေရပါတယ်။

Karim Benzema, Real Madrid 2021-22

Photo Credit : Goal

လီဝန်ရဲ့နောက် ဒုတိယနေရာမှာတော့ လာဇီယိုရဲ့ တိုက်စစ်ကစားသမားကြီး အီမိုဘီလီက သွင်းဂိုး(၂၅)ဂိုး ရမှတ်(၅၀)နဲ့ ရပ်တည်နေပါတယ်။ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ ရွှေဖိနပ်ဆုရှင် ဖြစ်ထားဖူးတဲ့ အီမိုဘီလီကတော့ လာဇီယိုနဲ့ လိဂ်ပွဲ(၅)ပွဲ ကစားဖို့ ကျန်ရှိနေသေးပြီး သူရဲ့နောက်မှာ ရီးယဲလ်မက်ဒရစ်ရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဘန်ဇီမာက (၂၄)ဂိုး (၄၈)မှတ်နဲ့ လိုက်နေပါတယ်။ ဘန်ဇီမာကတော့ လတ်တလောမှာ ဂိုးမြူးနေတဲ့အပြင် လက်ကျန်ပွဲပေါင်း (၇)ပွဲတောင် ကစားဖို့ ကျန်ရှိနေသေးတာဖြစ်လို့ ကစားသမားဘဝအတွင်း တစ်ကြိမ်မှ မပိုင်ဆိုင်ဖူးသေးတဲ့ ဥရောပရွှေဖိနပ်ဆုအတွက် စိတ်လှုပ်ရှားစရာ ဖြစ်လာခဲ့ရပါတယ်။ ဒီကစားသမားတွေနောက် စတုတ္ထနေရာမှာ ဂျုဗီတိုက်စစ်မှူး ဗလာဟိုဗစ်က (၂၃)ဂိုး (၄၆)မှတ်နဲ့ ရပ်တည်နေပြီး ဆာလာ ဘာပေ ပက်သရစ်ရှစ်ခ်တို့ကတော့ သွင်းဂိုး(၂၀)စီ သွင်းယူထားပြီး ရမှတ်(၄၀)နဲ့ ပဥ္စမနေရာမှာ ပူးတွဲရပ်တည်လို့နေပါတယ်။