ဥရောပဘောလုံးရပ်ဝန်းမှာ ရှိတဲ့ အသက် ၂၁နှစ်အောက် လူငယ် ကစားသမားတွေကို ပေးအပ် ချီးမြှင့်တဲ့ Golden Boy Award ရဲ့ စကာတင် အယောက်၁၀၀ စာရင်းကို မနေ့ကပဲ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဥရောပ​ ဘောလုံး ရပ်ဝန်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဘောလုံးရပ်ဝန်း တစ်ခု ဖြစ်တာကြောင့် Golden Boy ဆုကို ရရှိတဲ့ လူငယ်ကစားသမားတစ်ဦး ဟာ ကမ္ဘာ့အကောင်းဆုံး လူငယ် ကစားသမားဆုကို ရရှိလိုက်သလိုပဲလို့ သတ်မှတ်ခံထားရသူတွေပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ၂၀၂၀ ဘောလုံးရာသီအတွက် ပေးအပ်ချီးမြှင့်မယ့် Golden Boy ဆုကို ရရှိမယ်လို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ကစားသမားသုံးဦး အကြောင်း ကို တင်ဆက် ပေးသွားမှာပါ။

Photo Credit: Metro

၃။ အယ်ဖွန်ဆိုဒေးဗီးစ် (ဘိုင်ယန်မြူးနစ်)

လက်ရှိ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ် အသင်းရဲ့ အဓိက ဘယ်နောက်ခံလူ ဖြစ်လာခဲ့တဲ့ အသက်၁၉နှစ်အရွယ် ဒေးဗီးစ်ဟာ ကနေဒါ နိုင်ငံသား တစ်ဦးဖြစ်ပြီး ဘိုင်ယန်မြူးနစ် အသင်းထံကို ၂၀၁၉ခုနှစ် ဇန်နဝါရီလမှာ ပြောင်းရွှေ့ကြေး ယူရို၁၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။ ဒေးဗီးစ်ဟာ သူ့ရဲ့ မြန်ဆန်လွန်းလှတဲ့ ပြေးလွှားမှုကြောင့် နာမည်ကြီးနေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ ဆိုရင် ဘိုင်ယန်မြူးနစ်အသင်း အတွက် ပြိုင်ပွဲစုံ ပွဲ၄၀ ကစားပေးထားကာ ၃ဂိုး သွင်းယူထားပြီး ၉ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့သူပါ။

Photo Credit: Metro

၂။ ဟာလန်း(ဒေါ့မွန်)

ဆဲလ်ဘက်အသင်းနဲ့အတူ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ တောက်ပခဲ့တဲ့ ဟာလန်းရဲ့ အကြောင်းကိုတော့ များများစားစား ရှင်းပြစရာ လိုမယ် မထင်ပါဘူး။ အသက်၁၉နှစ်အရွယ် နော်ဝေတိုက်စစ်မှူးလေး ဟာလန်းဟာ လက်ရှိ ဘောလုံးရာသီရဲ့ အစပိုင်းမှာ ဩစတီးယား ကလပ် ဆဲလ်ဘက်အသင်းအတွက် ကစားပေးခဲ့သူ ဖြစ်ပြီး ရာသီဝက် အပြောင်းအရွှေ့ကာလ ဖြစ်တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့မှာတော့ ဒေါ့မွန်အသင်းထံကို ပြောင်းရွှေ့ကြေး ယူရို ၂၀ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူပါ။ တစ်ရာသီအတွင် မှာ အသင်း၂သင်း ပြောင်းခဲ့ရပေမယ့် ဟာလန်းရဲ့ ဂိုးသွင်းခြေစွမ်းကတော့ မပြောင်းလဲခဲ့ပဲ ပြိုင်ပွဲစုံ ၃၇ပွဲ ကစားထားရာမှာ ၄၂ဂိုး သွင်းယူထားပြီး ၁၀ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။

Photo Credit: Metro

၁။ ဂျေဒန်ဆန်ချို(ဒေါ့မွန်)

ဒေါ့မွန်အသင်းရဲ့ အသက်၂၀အရွယ် တောင်ပံ တိုက်စစ် ကစားသမားလေး ဂျေဒန်ဆန်ချိုကိုတော့ လက်ရှိအချိန်မှာ မသိသူ မရှိလောက်ဘူး ထင်ပါတယ်။ ထိပ်တန်းအသင်းကြီးတွေက ပြောင်းရွှေ့ကြေး ပေါင်၁၀၀သန်းကျော် ပေးကာ ခေါ်ယူဖို့ အသင့်ရှိနေတဲ့ ဆန်ချိုဟာ လက်ရှိ အသက်၂၁နှစ်အောက် ကစားသမားတွေထဲမှာ အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့လည်း ဘောလုံးသုတေသီတွေက သုံးသပ်ထားပါတယ်။ ဆန်ချိုဟာ လက်ရှိ ဘောလုံးရာသီမှာ ဆိုရင် ဒေါ့မွန်အသင်းအတ​ွက် ပြိုင်ပွဲစုံ ပွဲ၄၀ ကစားထားရာမှာ ဂိုး ၂၀သွင်းယူထားပြီး ဂိုး၂၀ ဖန်တီး ပေးထားနိုင်သူလည်း ဖြစ်ပါတယ်။