MySport Myanmar

ဂိုးသမားတွေကတောင် CR7 ရဲ့ ဂိုး(၁၀၀၀)မြောက်ကို အသွင်းခံချင်ကြမှာလို့ မူလန်စတင်း ဆို

ပေါ်တူဂီ စူပါစတား ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝ ကမ္ဘာ့ပထမဆုံး သွင်းဂိုး (၁၀၀၀)ပြည့်မြောက်ဖို့ ကြိုးပမ်းနေချိန်မှာ မန်ချက်စတာ ယူနိုက်တက် လက်ထောက်နည်းပြဟောင်း ရီနေး မူလန်စတင်းက စိတ်ဝင်စားစရာကောင်းတဲ့ သုံးသပ်ချက်တစ်ခုကို ပြုလုပ်လိုက်ပါတယ်။

မူလန်စတင်းက ရော်နယ်လ်ဒိုဟာ ဒီသမိုင်းဝင်မှတ်တိုင်ကို ရောက်ရှိပြီးတာနဲ့ ကစားသမားဘဝကနေ တရားဝင် အနားယူဖွယ်ရှိကြောင်းနဲ့ ဒီသမိုင်းဝင်ဂိုးကို အသွင်းခံရမယ့် ဂိုးသမားကတောင် သမိုင်းစာအုပ်ထဲမှာ ပါဝင်ခွင့်ရမှာဖြစ်လို့ ဂုဏ်ယူနေလိမ့်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Photo Credit : Goal

ရော်နယ်လ်ဒိုဟာ အသက် (၄၀)အရွယ်အထိ အံ့အားသင့်ဖွယ်ရာ ခြေစွမ်းတွေကို ထိန်းသိမ်းထားနိုင်ပြီး အပြိုင်အဆိုင်ပွဲစဉ်တွေမှာ ပထမဆုံးအကြိမ် ဂိုး(၁၀၀၀)သွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာဖို့ ရည်ရွယ်နေပါတယ်။ မန်ယူနိုက်တက်၊ ရီးရဲလ် မက်ဒရစ်၊ ဂျူဗင်တပ်စ်၊ အယ်လ်နာဆာနဲ့ ပေါ်တူဂီအသင်းတို့မှာလည်း ဂိုးသွင်းနှုန်းကောင်းတွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

နည်းပြဟောင်း မူလန်စတင်းက BetVictor ကို ပြောကြားရာမှာ “သူ့ကို ဂိုး (၁၀၀၀)အတွက် လူတွေက အမှတ်ရနေကြမှာပါ။ အဲ့ဒီဂိုးကိုသာ ပေါ်တူဂီအတွက် သွင်းယူနိုင်ခဲ့ရင် ပိုပြီးတော့တောင် ခမ်းနားသွားမှာပါ။ ကမ္ဘာကြီးတစ်ခုလုံးက စောင့်ကြည့်နေမှာ။ ခင်ဗျားသာ ဂိုးသမားဖြစ်နေမယ်ဆိုရင် စဉ်းစားကြည့်စမ်းပါ။ ခင်ဗျား အဲ့ဒီဂိုးကို အသွင်းခံလိုက်ချင်မှာ မဟုတ်ဘူးလား။ ဘာလို့လဲဆိုတော့ ခင်ဗျားက ‘ခရစ္စတီယာနိုရဲ့ ဂိုး(၁၀၀၀)ကို အသွင်းခံခဲ့ရတဲ့ ဂိုးသမား’ အဖြစ် သမိုင်းမှာ အမှတ်ရနေမှာမို့လို့ပဲ။” လို့ သူက ဆိုပါတယ်။

Photo Credit : Goal

မူလန်စတင်းက ရော်နယ်လ်ဒိုဟာ ဒီဂိုး (၁၀၀၀)ပြည့်မြောက်ချိန်မှာ ကစားသမားဘဝကနေ အနားယူလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ “ကျွန်တော်ယုံကြည်တယ်၊ သူ ဂိုး (၁၀၀၀)ပြည့်တဲ့အထိ ဆက်ကစားသွားမှာပါ။ အဲ့ဒီအချိန်ကပဲ သူ အနားယူဖို့ ဆုံးဖြတ်မယ့် အခိုက်အတန့် ဖြစ်လာနိုင်ပါတယ်။” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

အသက် (၄၀)အရွယ် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမယ့် သူ့ရဲ့ခြေစွမ်းကတော့ ကျဆင်းသွားခြင်းမရှိသေးပါဘူး။ “ခရစ္စတီယာနို ရော်နယ်လ်ဒို ရရှိခဲ့တဲ့ အောင်မြင်မှုတွေက တုနှိုင်းလို့မရပါဘူး။ အထူးသဖြင့် အရှိန်အလွန်မြန်တဲ့ ခေတ်သစ်ဘောလုံးလောကမှာပေါ့။ ဒီအသက်အရွယ်အထိ ဒီလိုအဆင့်မြင့်မြင့် ကစားနိုင်နေတာက တကယ်ကို ထူးခြားပါတယ်” လို့ မူလန်စတင်းက ချီးကျူးခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ သူ့ရဲ့ထာဝရပြိုင်ဘက် လီယွန်နယ် မက်ဆီနဲ့အတူ ပါဝင်ကစားဖွယ်ရှိနေပါတယ်။ GOAT နှစ်ဦးစလုံးဟာ အသက်အရွယ်ရလာပေမယ့် ခြေစွမ်းကျဆင်းသွားခြင်းမရှိဘဲ သူတို့ရဲ့ သမိုင်းဝင်ကစားသမားဘဝတွေမှာ စာမျက်နှာသစ်တွေ ဆက်လက်ရေးထိုးနေကြဆဲ ဖြစ်ပါတယ်။

Exit mobile version