အခုလို ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဘောလုံးပွဲတွေ ရပ်နားထားရချိန်မှာ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေလည်း ပျင်းရိနေကြမယ်ထင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ MySport Myanmar Page ကနေ နေ့စဉ်နေ့တိုင်း ဘောလုံးနဲ့ပတ်သက်တဲ့ ဗဟုသုတရစရာအကြောင်းအရာတွေကို ချစ်ညီအစ်ကိုတွေအတွက် တင်ဆက်ပေးလာခဲ့ရာ ဒီနေ့မှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတလျှောက် ပွဲစဉ်(၁)ပွဲတည်းမှာပဲ ပြိုင်ဘက်ကစားသမားတွေရဲ့ ပင်နယ်တီကန်သွင်းမှုကို (၂)ကြိမ်အထိ ကာကွယ်ခဲ့တဲ့ ဂိုးသမားများအကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Sportskeeda

ဗန်ဒါဆား
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ နယ်သာလန်အသင်းတို့ရဲ့ ဂန္တဝင်ဂိုးသမားကြီးဗန်ဒါဆားဟာ ယူနိုက်တက်ကိုမရောက်ခင် ဖူလ်ဟမ်အသင်းဂိုးသမားအဖြစ် ပါဝင်ကစားခဲ့စဉ် ၂၀၀၄-၂၀၀၅ ဘောလုံးရာသီမှာ ဖူလ်ဟမ်နဲ့ အက်စတွန်ဗီလာအသင်းတို့ ဆုံတွေ့ခဲ့ရင်းနဲ့ ဗီလာအသင်းဘက်ကနေ ကန်သွင်းခဲ့တဲ့ ပင်နယ်တီကန်သွင်းမှုကို (၂)ကြိမ်တိုင်တိုင် ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီပင်နယ်တီ ကာကွယ်မှုကြောင့် ဖူလ်ဟမ်မှာ ဂိုးပြတ်မရှံးခဲ့ရပဲ (၁)ဂိုးစီ သရေကျခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Sportskeeda

ဖရီဒယ်
နာမည်ကျော် ဝါရင့်အမေရိကန်ဂိုးသမားကြီး ဘရတ်ဖရီဒယ်ကတော့ သူရဲ့ကစားသမားဘဝ အချိန်အများစုကို ပရီးမီးယားလိဂ်အသင်းတွေမှာ ကျင်လည်ခဲ့ပြီး လီဗာပူးလ် ဘလက်ဘန်း စပါး အက်စတွန်ဗီလာအသင်းတွေမှာ ပါဝင်ကစားခဲ့ပါတယ်။ ဖရီဒယ်ဟာ ၂၀၀၆ခုနှစ်တုန်းက ဘလက်ဘန်းအသင်းမှာ ပါဝင်ကစားခဲ့စဉ် ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားနေစဉ်အတွင်း ရှက်ဖီးဘက်က ပင်နယ်တီကန်သွင်းမှုကို (၂)ကြိမ်အထိ ကာကွယ်နိုင်ခဲ့ပါတယ်။

Photo Credit : Sportskeeda

ဂျက်စကယ်လိုင်နန်
ယခင်က ပရီးမီးယားလိဂ်မှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ ဘော်တန်အသင်းရဲ့ ပင်တိုင်ဂိုးသမားကြီးဖြစ်ခဲ့သူ ဂျယ်စကယ်လိုင်နန်ဟာလည်း သူရဲ့လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့သလို ၂၀၀၆ခုနှစ် အောက်တိုဘာလတုန်းကလည်း ပရီးမီးယားလိဂ်ပွဲမှာလည်း ပင်နယ်တီကာကွယ်မှုကို (၂)ကြိမ်ထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဂျယ်စကယ်လိုင်နန်ဟာ ဘော်တန်နဲ့ ဘလက်ဘန်းအသင်းတို့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဘလက်ဘန်းဘက်က မက္ကာသီနဲ့ ရောဘတ်တို့ရဲ့ ပင်နယ်တီကန်ချက်တွေကို ကာကွယ်နိုင်ခဲ့ပါတယ်။

Photo Credit : Sportskeeda

စတီကလန်ဘတ်ချ်
ဒီစာရင်းထဲမှာ ထပ်ပါလာခဲ့တဲ့ နောက်ထပ်နယ်သာလန်ဂိုးသမားတစ်ယောက်ကတော့ စတီကလန်ဘတ်ချ်ပါ။ အဲဗာတန်အသင်းမှာ ပါဝင်ကစားခဲ့ဖူးတဲ့ စတီကလန်ဘတ်ချ်ဟာ ၂၀၁၆ခုနှစ် အောက်တိုဘာလအတွင်း မန်စီးတီးနဲ့ အဲဗာတန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့စဉ်တုန်းက မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်းနဲ့ တိုက်စစ်မှူးအဂူရိုတို့ရဲ့ ပင်နယ်တီကန်ချက်တွေကို ကာကွယ်နိုင်ခဲ့ပါတယ်။ အရပ်၆ပေ၆လက်မအထိ မြင့်မားလှတဲ့ ဒီဂိုးသမားကြီးဟာ လက်ရှိ အဲဗာတန်အသင်းမှာ ဆက်လက်ရှိနေသူဖြစ်ပါတယ်။

Photo Credit : Sportskeeda

ဂိုမက်စ်
စပါးအသင်းနဲ့ ဝက်ဖိုဒ့်အသင်းတွေမှာ ပါဝင်ကစားခဲ့တဲ့ ဝါရင့်ဘရာဇီးဂိုးသမားကြီးဂိုးမက်စ်က လက်ရှိဝက်ဖိုဒ့်အသင်းမှာ ပါဝင်ကစားနေသလိုဖြစ်ကာ ၂၀၁၆ခုနှစ်တုန်းက ဝက်ဘရွန်းနဲ့ ဝက်ဖိုဒ့်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြိုင်ဘက်ဝက်ဘရွန်းအသင်းရဲ့ တိုက်စစ်ကစားသမား ဘရာဟီနိုရဲ့ ပင်နယ်တီကန်ချက်ကို (၂)ကြိမ်တိုင်အောင် ကာကွယ်နိုင်ခဲ့သလို အဲ့ဒီပွဲစဉ်မှာပဲ ဝက်ဘရွန်းရဲ့ဂိုးဝင်နိုင်ဖွယ်ရှိတဲ့ ကန်ချက်ပေါင်းများစွာကို ကာကွယ်နိုင်ခဲ့ပါသေးတယ်။