ဥရောပ ထိပ်သီးလိဂ် ၅ခုထဲက တစ်ခုဖြစ်တဲ့ ဂျာမန် ဘွန်ဒက်လီဂါပြိုင်ပွဲ ကတော့ ပြီးခဲ့တဲ့ စနေနေ့မှာပဲ ပြီးဆုံးသွားခဲ့ပါပြီ။ အခြားသော ထိပ်သီးလိဂ်တွေလို ပြိုင်ပွဲဝင် အသင်း၂၀ မရှိပဲ ၁၈သင်းသာ ရှိတာကြောင့် ဘွန်ဒက်လီဂါပြိုင်ပွဲ ဟာ စုစုပေါင်း ပွဲစဉ် ၃၄အထိသာ ရှိပြီး အဆိုပါ အချက်ကြောင့်ပဲ ရာသီတိုင်းမှာ ဘွန်ဒက်လီဂါ ပြိုင်ပွဲဟာ အစောဆုံး ပိတ်သိမ်းလေ့ရှိတဲ့ ဘောလုံးပြိုင်ပွဲ ဖြစ်နေပါတယ်။ လက်ရှိ ဘွန်ဒက်လီဂါ ဘောလုံးရာသီမှာတော့ ထုံးစံအတိုင်းလို့ ဆိုလို့ရအောင်ပဲ ဘိုင်ယန်မြူးနစ်အသင်းက ဗိုလ်စွဲ သွားခဲ့ပြီး ဒေါ့မွန် ၊ လစ်ဇက်နဲ့ ဂလက်ဘက် အသင်းတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ခွင့် ရခဲ့ပြီး လေဗာကူဆင် ၊ ဟော့ဖန်ဟိမ်းနဲ့ ဝုဖ်ဘက် အသင်းတို့က ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ခွင့်ရခဲ့ကြပါတယ်။ ပက်ဒါဘွန်းနဲ့ ဒူဆယ်ဒေါ့ဖ်အသင်းတို့ကတော့ တန်းဆင်းခဲ့ရပြီး ဝါဒါဘရီမင်အသင်း ကတော့ တန်းဆင်း ၊ တန်းတက်ကို ဆုံးဖြတ် ရမယ့် ပွဲစဉ်နှစ်ပွဲကို ကစားရမှာပါ။

Photo Credit: Standard

အခုတစ်ခါ ဖော်ပြပေးသွားမှာကတော့ Goal.com က ရွေးချယ်ခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ ဘွန်ဒက်လီဂါ အကောင်းဆုံး အသင်း ဖြစ်ပြီး အဆိုပါအသင်း မှာ ဘယ်သူတွေ ပါဝင်ခဲ့လဲ ၊ ဘယ်လို ကစားသမားတွေ ကျန်ခဲ့လဲ ဆိုတာကိုတော့ ဆက်ပြီး ဖတ်ရှုပေးကြပါခင်ဗျာ။ ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ Team of the Season ကို ၄-၂-၁-၃ ကစားပုံနဲ့ ဖော်ပြလာခဲ့ပြီး ဂိုးသမားနေရာမှာတော့ ဂလက်ဘက် အသင်းရဲ့ ဂိုးသမား ဆိုမာက ရယူ နိုင်ခဲ့ပါတယ်။ ညာနောက်ခံလူ နေရာမှာတော့ ဒေါ့မွန်အသင်းရဲ့ နောက်ခံလူ ဟာခီမီ ၊ ဗဟို နောက်ခံလူ နေရာနှစ်ခုမှာတော့ ဂလက်ဘက် အသင်းရဲ့ ဗဟိုခံစစ်မှူး ဂင်တာ ၊ ဖရန့်ဖတ် အသင်းရဲ့ ဗဟိုခံစစ်မှူး ဟင်တာရယ်ဂါ နဲ့ ဘယ်နောက်ခံလူ နေရာမှာတော့ ဘိုင်ယန် အသင်းရဲ့ လူငယ်နောက်ခံလူ အယ်ဖွန်ဆို ဒေးဗီးစ်က ရှိနေပါတယ်။ ကွင်းလယ် အထိုင်နေရာ မှာတော့ ဘိုင်ယန်အသင်းရဲ့ ကွင်းလယ်လူ နှစ်ဦး ဖြစ်တဲ့ ကင်းမစ်ချ်နဲ့ အယ်ကန်တာရာတို့က ရွေးချယ်ခံခဲ့ရပါတယ်။

Photo Credit: Standard

ကွင်းလယ်တိုက်စစ် နေရာမှာတော့ ဘိုင်ယန် မြူးနစ်အသင်းရဲ့ သောမတ် မူလာက ရှိနေပြီး မူလာဟာ လက်ရှိ ဘောလုံးရာသီရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ ဘယ်တောင်ပံ နေရာမှာတော့ လစ်ဇက်အသင်းရဲ့ တိုက်စစ်မှူး တီမိုဝါနာ ၊ ညာတောင်ပံ နေရာမှာတော့ ဒေါ့မွန်အသင်းရဲ့ တောင်ပံ ကစားသမား ဆန်ချို ၊ အထောင်တိုက်စစ်မှာတော့ လက်ရှိ ဘွန်ဒက်လီဂါ ဘောလုံးရာသီရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်သူ လီဝန်ဒေါစကီး တို့က ရွေးချယ်ခံခဲ့ရပါတယ်။ နာမည်ကြီး ကစားသမားတွေ ဖြစ်ကြတဲ့ ဟမ်းမဲလ် ၊ မာကို့ရူးစ် ၊ ဟားဗက် ၊ ဟာလန်း ၊ ဂနာဘရီ ၊ ဆာဒါ ၊ အလာဘာ စတဲ့ ကစားသမားတွေ ကတော့ ဘွန်ဒက်လီ​ဂါ Team of the Season နဲ့ လွဲခဲ့ရပါတယ်။ ကဲ ပရိသတ်ကြီးကရော ဒီလူစာရင်း ကို နှစ်သက်ကြရဲ့လားဗျ….။