မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖိုဒ့်ကတော့ အခုရက်ပိုင်းအတွင်း သတင်းမီဒီယာတွေအပေါ်မှာ ပလူပျံလို့နေတဲ့ ပင်နယ်တီကန်ခွင့်ကိစ္စတွေနဲ့ပတ်သက်ပြီး သူ့အနေနဲ့ကတော့ နည်းပြဟောင်း ဟိုဆေးမော်ရင်ဟိုလက်အောက်မှာ ကစားခဲ့စဉ်တုန်းကမှ ပွဲစဉ်တွေအတွင်း ပင်နယ်တီကန်ခွင့်တွေ ရရှိလာအောင် ပိုမိုစွမ်းဆောင်တတ်လာခဲ့တာဖြစ်သလို မော်ရင်ဟိုက သူ့ကို ပင်နယ်တီရနည်းတွေ သင်ပေးခဲ့တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောဆိုလာခဲ့တာကြောင့် မော်ရင်ဟိုကလည်း ဒီစကားတွေကို ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။

Photo Credit : Goal

ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖိုဒ့်က “ဟိုဆေး ဒီမှာနည်းပြအဖြစ် ဆောင်ရွှက်ခဲ့စဉ်တုန်းက ကျွန်တော်မှတ်မိသေးတယ်။ အဲ့ဒီတုန်းက ကျွန်တော်မှတ်မိသလောက် ပြောရမယ်ဆို ပင်နယ်တီကန်ခွင့်တွေကို (၅)ကြိမ်(၆)ကြိမ်လောက်အထိကိုု ရရှိခဲ့တယ်။ ပင်နယ်တီတွေနဲ့ပတ်သက်ပြီးတော့ ဟိုဆေးက မင်းအနေနဲ့ ပါးနပ်မှုတွေ မရှိဘူးဆိုရင် ပင်နယ်တီတွေကိုလည်း ရရှိမှာမဟုတ်ဘူးလို့ ကျွန်တော်ပြောဆိုခဲ့သေးတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ပင်နယ်တီကို အနည်းငယ်ရရှိလာခဲ့တယ်” ဆိုပြီး Football Writer’s Association နဲ့ တွေ့ဆုံခဲ့စဉ်မှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး စပါးနည်းပြမော်ရင်ဟိုက “ပထမဆုံး ကျွန်တော်ပြောချင်တာကတော့ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲဆိုတာက တကယ့်ကို ပွဲကြီးပွဲကောင်းကြီးဖြစ်လို့ ဒီထက်ပိုပြီး ကြီးထွားသွားအောင်လည်း လုပ်စရာ မလိုအပ်ပါဘူး။ ဒါမှမဟုတ်လည်း ဒီလိုပွဲကြီးတစ်ပွဲမတိုင်ခင် ကျွန်တော့်ကိုလည်း ခေါင်းကြီးသတင်းပိုင်းမှာ ပါသွားရအောင်လည်း လုပ်စရာ မလိုပါဘူး။ ဒါကြောင့်မို့ ကျွန်တော်ရဲ့ မှတ်ချက်စကားတွေကိုတော့ နောက်မှပဲ ပေးနိုင်ပါလိမ့်မယ်။ အခုတော့ ဘာမှမပြောနိုင်ဘူး။ ဒါပေမယ့် ခင်ဗျားအနေနဲ့ တစ်ခုခုကို ရေးသားဖော်ပြဖို့အတွက် လိုအပ်တယ်လို့ ခံစားနေရမယ်ဆိုရင် လွယ်ကူရိုးရှင်းတဲ့ အရာလေးကိုပဲ လုပ်ဆောင်လိုက်ပါ။ Stats တွေကို ရှာကြည့်ပါ။ Opta မှာ အချက်အလက်တွေကို ဖတ်ရှုပါ။ ပြီးရင် ကျွန်တော်ရဲ့နည်းပြသမိုင်းကြောင်းကို လေ့လာကြည့်ပါ။ ကိန်းဂဏန်းတွေကို ယှဉ်ကြည့်ပါ။ ပြီးရင်တော့ ဒါကို အဆုံးသတ်လိုက်ပါ” လို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ Opta ကနေ ထုတ်ပြန်ထားခဲ့တဲ့ အချက်အလက်တွေအရ ယူနိုက်တက်အသင်းဟာ မော်ရင်ဟိုထက် လက်ရှိနည်းပြ အိုလေဂန်နာဆိုးလ်ရှားလက်အောက်မှာသာ ပင်နယ်တီကန်ခွင့်တွေကို ပိုမိုရရှိထားတာဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာဆိုရင်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပင်နယ်တီ(၆)ကြိမ် ရရှိထားသလို ပြိုင်ပွဲစုံမှာဆိုရင်တော့ (၁၁)ကြိမ်အထိ ပင်နယ်တီကန်ခွင့်ရထားခဲ့ပါတယ်။