အာဆင်နယ်အသင်းရဲ့ လူငယ်အကယ်ဒမီမှ ထွက်ပေါ်လာကာ လက်ရှိအချိန်မှာ ဂျာမဏီ ဘွန်ဒက်စ်လီဂါကလပ်အသင်း တစ်သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်လို့နေတဲ့ ဂနာဘရီကတော့ ယနေ့ မနက်မှာ ကစားသွားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ပွဲစဉ်မှာ ခြေစွမ်းပြ ကစားနိုင်ပြီးနောက် အသင်းဟောင်းဖြစ်တဲ့ အာဆင်နယ်အသင်းကို ချစ်မြတ်နိုးနေဆဲ ဖြစ်ကြောင်း ပြသသွားခဲ့ပါတယ်။ အဆိုပါပွဲမှာ ဂနာဘရီဟာ သွင်းဂိုးနှစ်ဂိုး သွင်းယူကာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ပါတယ်။

Photo Credit: UEFA.com

ချယ်လ်ဆီးအသင်းရဲ့ စတမ်းဘရက်ဖို့ဒ်မှာ ကစားရတဲ့ အဆိုပါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်းဟာ အိမ်ရှင်ချယ်လ်ဆီးအသင်းဘက်ကို တရစပ်ဆိုသလို ဖိအားပေးကစားနိုင်ခဲ့ပြီး တစ်ဦးချင်းအရည်အသွေး ကွာဟမှုတွေ ၊ အဓိက ကစားသမားအစုံအလင် မပါဝင်နိုင်တာတွေက ချယ်လ်ဆီးအသင်းကို အင်အားနည်းစေခဲ့ကာ ဘိုင်ယန်အသင်းအတွက်တော့ လွယ်ကူတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်စေခဲ့ပါတယ်။ ဘိုင်ယန် အသင်းအတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် ၅၁မိနစ်နဲ့ ၅၄မိနစ်တို့မှာ ဂနာဘရီက သွင်းယူပေးခဲ့ကာ ပွဲသိမ်းဂိုးကို ပွဲကစားချိန် ၇၆မိနစ်မှာ လီဝန်ဒေါစကီးက သွင်းယူပေးခဲ့တာပါ။

Photo Credit: UEFA.com

ချယ်လ်ဆီးအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ် အပြီးမှာတော့ ဂနာဘရီဟာ အသင်းဟောင်း အာဆင်နယ်ကို ချစ်မြတ်နိုးနေဆဲဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်နှာကနေ ပြသသွားခဲ့ပြီး ” လန်ဒန်မြို့ဟာ အနီရောင်ဖြစ်နေဆဲပါ ” လို့ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ တင်သွားခဲ့တာပါ။ ဂနာဘရီဟာ ၂၀၁၉ခုနှစ်၊အောက်တိုဘာလမှာ စပါးအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာလဲ ” မြောက်လန်ဒန်ဟာ အနီရောင် ” ဆိုတဲ့ စာသားနဲ့အတူ သူ့ရဲ့အောင်ပွဲကို အသင်းဟောင်းနဲ့ ဝေမျှကာ အောင်ပွဲခံခဲ့ပါသေးတယ်။