မနေ့ညက ဆော်ဒီအာရေဗျနိုင်ငံ King Fahd International ကွင်းထဲမှာ ကျင်းပခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အသက်လက်တစ်ဘီလ်ဘာအိုအသင်းတို့ရဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲစဉ်မှာ ၂၀၂၀ စူပါဖလားချန်ပီယံ ဘီလ်ဘာအိုအသင်းကို ရီးယဲလ်အသင်းက လူကာမိုဒရစ် ကာရန်ဘန်ဇီမာတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့ပြီး ၂၀၂၁ခုနှစ်ရဲ့ စပိန်စူပါဖလားချန်ပီယံ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : The Sun

စပိန်စူပါဖလားကို (၁၂)ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ရတဲ့ ရီးယဲလ်အသင်းဟာ စူပါဖလားပြိုင်ပွဲရဲ့ ဒုတိယမြောက် အအောင်မြင်ဆုံး ကလပ်အသင်း ဖြစ်ခဲ့သလို အသင်းကို တကျော့ပြန် ရောက်ရှိလာခဲ့တဲ့ ဝါရင့်နည်းပြကြီး ကားလို့အန်စလော့တီရဲ့ အသင်းအတွက် ပထမဆုံး ရယူပေးခဲ့တဲ့ ဆုဖလားလည်း ဖြစ်ခဲ့ရပါတယ်။ ဒီအောင်ပွဲကို ရီးယဲလ်အသင်းသားများစွာက ပျော်ရွှင်မြူးထူးစွာ အောင်ပွဲခံနေကြပြီး ဆုဖလား ကိုင်မြှောက်ချိန်မှာ အသင်းသားတွေအားလုံး ပြုံးပျော်နေကြပေမယ့် ဒီနေ့ပွဲမှာ လုံးဝကို ပါဝင်ကစားခွင့် မရရှိခဲ့တဲ့ အီဒင်ဟာဇက်ရဲ့ မျက်နှာအသွင်အပြင်က သူ့အသင်းဖော်တွေလို ပျော်ရွှင်နေခြင်း မရှိပဲ မျက်နှာသေကြီးလို ဖြစ်နေရပါတယ်။

Photo Credit : The Sun

ဟာဇက်ရဲ့ မရွှင်မပျ ပုံစံကို ရီးယဲလ်အသင်း ပရိသတ်တွေကနေ သတိထားမိကြပြီး ဆိုရှယ်မီဒီယာတွေပေါ်ကနေ သူတို့ရဲ့ ထင်မြင်ချက်တွေကိုပါ ပြန်လည်မျှဝေလာကြပါတယ်။ ဟာဇက်ရဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ပုံစံမျိုးနဲ့ပတ်သက်ပြီး တွစ်တာသုံးစွဲသူတွေက “အားလုံးက ပြုံးပျော်နေကြတယ်။ ဟာဇက် တစ်ယောက်တည်းကလွဲပြီးတော့” “အရံခုန်ပေါ်မှာ အများဆုံး ထိုင်နေရတဲ့ သူဆီကနေ ခင်ဗျားတို့ ဘာကိုမျှော်လင့်နေကြတာလဲ။ ရီးယဲလ်မက်ဒရစ်ဆိုတာက ဘယ်ကစားသမားမဆိုထက် ကြီးမားပါတယ်” “ဟာဇက်အတွက်တော့ တကယ့်ကို နာကျင်ရပါတယ်။ သူက အကောင်းဆုံးတွေနဲ့ ထိုက်တန်သူဖြစ်ပြီး သူရဲ့အိမ်မက် ကလပ်အသင်းမှာ နာကျင်မှုတွေကိုပဲ ရရှိနေရတယ်” “ဘယ်သူ့ကိုမှ ဝမ်းမနည်းပေးနိုင်ပါဘူး။ သူ ဒီကလပ်အသင်းမှာ မပျော်ရွှင်တော့ဘူးဆိုရင် ဒီကလပ်ကနေ ထွက်ခွာလိုက်သင့်ပါတယ်။ ဒါက သူရဲ့အပြစ်ပါပဲ” ရေးသားဖော်ပြထားခဲ့ကြပါတယ်။ ၂၀၁၉ခုနှစ်ကတည်းက ချယ်လ်ဆီးကနေ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဘယ်လ်ဂျီယံ ကြယ်ပွင့်ကစားသမား ဟာဇက်ဟာ ရီးယဲလ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး ဒဏ်ရာပြသာနာတွေနဲ့လည်း ရင်ဆိုင်နေရလို့ အသင်းမှာ ပွဲကစားခွင့်တွေ နည်းပါးနေရသလို အခု စျေးကွက်ထဲမှာပဲ အသင်းအပြောင်းအလဲ လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။