၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာ လက်ရှိ ချန်ပီယံအသင်းဖြစ်တဲ့ မန်စီးတီးအသင်းကို အဓိက စိန်ခေါ်နိုင်မယ့် ကလပ်အသင်းက တစ်သင်းတည်းသာ ရှိလို့နေပြီး ဒီအသင်းက သူရဲ့ကလပ်အသင်းဟောင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းသာဖြစ်ပြီး အသင်းနည်းပြ သောမတ်စ်တူဟယ်လ်ရဲ့ နည်းစနစ်ကောင်းတွေနဲ့ အသင်းကို ထိပ်တန်းတိုက်စစ်မှူး လူကာကူ ပြန်လည်ရောက်ရှိလာမှုက ချယ်လ်ဆီးအတွက် အတော်လေး အကျိုးရှိစေခဲ့တယ်လို့ ဂလင်းဂျွန်ဆင်က သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : 90Min

ချယ်လ်ဆီးအသင်းဟာ နည်းပြတူဟယ်လ်ရဲ့လက်အောက်မှာ ရလဒ်တွေရော ခြေစွမ်းပိုင်းတွေရော အတော်လေးကို တိုးတတ်လာခဲ့ပြီး မနှစ်က ဘောလုံးရာသီအတွင်း ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ချန်ပီယံ ဖြစ်ခဲ့ရသလို ပတ်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကိုလည်း ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ် အပါအဝင် တွေ့ဆုံမှု (၃)ကြိမ်လုံးမှာပါ အနိုင်ယူခဲ့ပါတယ်။ ဒီလို အခြေအနေတွေကြောင့် ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်စီးတီးကို ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မယ့် ကလပ်အသင်းက ချယ်လ်ဆီးအသင်း တစ်သင်းတည်းသာ ရှိနေတာဖြစ်တယ်လို့ ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က မှတ်ချက်ပြု ပြောဆိုလာတာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

ဂလင်းဂျွန်ဆင်က “ဘယ်အသင်းမဆို မန်စီးတီးအသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီကထက် ပိုပြီးကြိုးစားလာကြမှာပဲ။ ဒါပေမယ့် အသင်းတစ်သင်းတည်းက ဒီရာသီမှာ မန်စီးတီးကို ဖိအားပေးနိုင်မယ်ဆိုရင်တော့ အဲ့ဒါ ချယ်လ်ဆီးအသင်းပဲ ဖြစ်နေပါလိမ့်မယ်။ နည်းပြ သောမတ်စ်တူဟယ်လ်ကလည်း အံ့အားသင့်စရာကောင်းတဲ့ လူငယ်ကစားသမားတွေ အများစု ပါဝင်နေတဲ့ လူစာရင်းနဲ့ အံ့အားသင့်စရာ အောင်မြင်မှုတစ်ခုကို ရယူနိုင်ခဲ့တယ်။ ဒီရာသီမှာလည်း ထိပ်တန်းတိုက်စစ်မှူး လူကာကူကိုပါ ခေါ်ယူထားသေးတယ်။ ချယ်လ်ဆီးက ဒီရာသီမှာ တကယ့်ကို ကြောက်စရာကောင်းတဲ့ အသင်းတစ်သင်း ဖြစ်နေပါပြီ။ လီဗာပူးလ်ကတော့ ဒီရာသီမှာ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ကို ခြိမ်းခြောက်နိုင်မယ့် အင်အားမျိုး ရှိမနေပါဘူး။ သူတို့အသင်းမှာက တကယ့်ကို တောင့်တင်းလှတဲ့ ကစားသမား (၁၅) (၁၆)ယောက်လောက် ရှိနေတာဆိုပေမယ့် ဒီကစားသမားတွေက ကြံခိုင်နေဖို့ လိုအပ်ပါတယ်။ ဒီကစားသမားထဲက (၃) (၄)ယောက်လောက် ဒဏ်ရာရလိုက်မယ်ဆိုရင် အသင်းကို အတော် ထိခိုက်သွားနိုင်တယ်။ မန်စီးတီးကတော့ အရန်လူစာရင်းတောင် အတော်လေး တောင့်တင်းနေရတယ်။ ဒီလို အင်အားတောင့်တင်းမှုက လိဂ်ပြိုင်ပွဲအစမှာ မသိသာပေမယ့် နောက်ဆို အသင်းကြားက ခြားနားချက်တွေကို ပိုမြင်သာလာပါလိမ့်မယ်” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။