MySport Myanmar

ရာဖင်ညာက လီဗာပူးလ်အသင်းမှာ ပုံမှန်နေရာရနိုင်တယ်လို့ ဂလင်းဂျွန်ဆင် မှတ်ချက်ပြု

လီဗာပူးလ်အသင်းရဲ့ နောက်ခံအစွန်လူဟောင်း ဂလင်းဂျွန်ဆင်က အခုနှစ် နွေဈေးကွက်အတွင်းမှာ လီဗာပူးလ်အသင်း ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သတင်းထွက်နေတဲ့ လိဒ်စ်ယူနိုက်တက် တောင်ပံကစားသမား ရာဖင်ညာအနေနဲ့ လီဗာပူးလ်ကိုသာ ပြောင်းရွှေ့ဖြစ်မယ်ဆိုရင် လီဗာပူးလ်မှာ ပုံမှန်နေရာ တစ်နေရာကိုပါ သေချာပေါက် ရရှိနိုင်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : CaughtOffside

နွေရာသီမှာ ဆီနီဂေါလက်ရွေးစင် တိုက်စစ်ကစားသမား ဆာဒီယိုမာနေးကို လက်လွတ်သွားရဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေရတဲ့ လီဗာပူးလ်အသင်းဟာ တိုက်စစ်ပိုင်းကို ပြန်လည်အားဖြည့်သွားဖို့အတွက် လိဒ်စ်အသင်းမှာ ခြေစွာနေသူ ရာဖင်ညာကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာပြီးနောက် ဘရာဇီးလ် လက်ရွေးစင်အသင်းအတွက်ပါ ရွေးချယ်ခံလာရတဲ့ ရာဖင်ညာက အသင်းကို ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် လာမယ့်နွေမှာတော့ အသင်းကနေ လမ်းခွဲပြီး ကလပ်အသင်းကြီး တစ်သင်းကို ပြောင်းရွှေ့ကစားချင်နေတာကြောင့် လီဗာပူးလ်ဘက်က ရာဖင်ညာကို ပစ်မှတ်ထားလာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Sportskeeda

ရာဖင်ညာနဲ့ လီဗာပူးလ်အသင်းတို့အကြောင်းကို ဂလင်းဂျွန်ဆင်က “လီဗာပူးလ်ရဲ့ ပွဲထွက်ကစားသမား (၁၁)ယောက်ထဲမှာ သေချာပေါက် ပါဝင်လာဖို့ လုံလောက်တဲ့ အရည်အသွေးကောင်းတွေ သူ့မှာ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သင့်အနေနဲ့ ကြီးမားတဲ့ အသင်းတစ်သင်းဆီ ပြောင်းရွှေ့လိုက်တယ်ဆိုရင် အဲ့ဒီအသင်းမှာ သင့်အတွက် နေရာတစ်နေရာ ရလာဖို့အတွက် သေချာပေါက်ကို တိုက်ပွဲဝင်သွားမှာပဲလို့ ထင်တယ်။ သူသာ လီဗာပူးလ်ကို ရောက်လာမယ်ဆိုရင် အသင်းမှာ ပွဲကစားခွင့်တွေ ရလာနိုင်လိမ့်မယ်လို့ ယုံကြည်မိတယ်။ လိဒ်စ်မှာပဲ ဆက်နေမယ်ဆိုရင်တော့ လီဗာပူးလ်ကို ပြောင်းလာတာထက် ပွဲကစားခွင့်တွေက နှစ်ဆနီးပါးလောက် ရရှိနေမယ်ဆိုပေမယ့်လည်း လီဗာပူးလ်ကိုသာ သူရောက်လာမယ်ဆိုရင်လည်း သူ့အတွက် ပွဲကစားခွင့်တွေ ရလာမယ်ဆိုတာကို ကျွန်တော် ယုံကြည်နေသလို ပွဲထွက်ကစားသမား (၁၁)ဦးထဲမှာလည်း သူသေချာပေါက်ကို ပါဝင်လာနိုင်ပါလိမ့်မယ်” လို့ ခိုင်ခိုင်မာမာ ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ရာဖင်ညာကို လီဗာပူးလ်အသင်းနဲ့အတူ ဘာစီလိုနာအသင်းကလည်း ခေါ်ယူသွားချင်နေပေမယ့် ရာဖင်ညာရဲ့ တန်ကြေးကြောင့် ဘာစီလိုနာဘက်က လက်လျှော့ရဖွယ် ရှိနေပြီး မန်ချက်စတာယူနိုက်တက်လည်း ရာဖင်ညာကို စောင့်ကြည့်လျက် ရှိနေတယ်လို့ သိရပါတယ်။

Exit mobile version