ပရီးမီးယားလိဂ်ရဲ့ နောက်ခံလူဟောင်း တဦး ဖြစ်သလို ချယ်လ်ဆီးနဲ့ လီဗာပူးတို့လို ထိပ်သီးအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ အစွန်နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင် ကတော့ ချယ်လ်ဆီးရဲ့ ညာနောက်ခံလူ ရစ်စီဂျိမ်းစ်က လီဗာပူး ညာနောက်ခံလူ အာနိုးလ်ထက် ပိုမို ကောင်းမွန်တဲ့ ညာနောက်ခံလူ ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ လီဗာပူးတို့ဟာ နောက်ပိုင်းနှစ်တွေမှာ ဆုဖလားတွေ အတွက် အဓိက ပြိုင်ဆိုင်နေရတဲ့ ပြိုင်ဘက်အသင်း နှစ်သင်း ဖြစ်ပြီး ယနေ့ညမှာဆိုရင်လည်း သူတို့နှစ်သင်းဟာ ကာရာဘောင်းဖလား ဗိုလ်လုပွဲကို ယှဉ်ပြိုင် ကစားရတော့မှာပါ။

Photo Credit: Mirror

ဒါကြောင့်ပဲ လတ်တလောမှာ ဘောလုံးရေးရာ သုံးသပ်သူတွေက ချယ်လ်ဆီးနဲ့ လီဗာပူးတို့ရဲ့ အားသာချက်တွေ ၊ အားနည်းချက်တွေကို ဆွေးနွေးပွဲတွေ ပြုလုပ်နေကြပြီး ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေသလို ချယ်လ်ဆီးနဲ့ လီဗာပူး နှစ်သင်းစလုံးမှာ ကစားဖူးတဲ့ ဂလင်းဂျွန်ဆင်ကလည်း ချယ်လ်ဆီးနဲ့ လီဗာပူးတို့ ကြားထဲက ခြားနားချက်တွေကို အစီအစဉ်တခုနဲ့ တင်ဆက်ခဲ့ပါသေးတယ်။

အဆိုပါ အစီအစဉ်မှာတော့ ဂလင်းဂျွန်ဆင်က လတ်တလောမှာ လူတွေက လီဗာပူး ညာနောက်ခံလူ အာနိုးလ်ကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ညာနောက်ခံလူ တဦး အဖြစ် တင်စားနေကြပေမယ့် တကယ်တမ်းမှာတော့ ချယ်လ်ဆီး ညာနောက်ခံလူ ရစ်စီဂျိမ်းစ်က အာနိုးလ်ထက် ပိုမို ကောင်းမွန်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: Mirror

ဂလင်းဂျွန်ဆင်က – “အာနိုးလ်နဲ့ ရစ်စီဂျိမ်းစ်တို့ နှစ်ယောက်ထဲမှာ ဘယ်သူက ပိုကောင်းတဲ့ ညာနောက်ခံလူလဲ ဆိုတာကို ခေါင်းစဉ်တပ် မေးလိုက်ရင် စကားရည်လုပွဲ တပွဲတောင် ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်ကတော့ သူတို့နှစ်ယောက်ဟာ အနည်းငယ် ကွဲပြားတဲ့ ကစားပုံတွေကို ပိုင်ဆိုင်ထားကြတယ်လို့ မြင်ပါတယ်။ တိုက်စစ်လိုက်ပါမှု အပိုင်းမှာ အာနိုးလ်က ထူးချွန်ပေမယ့် ကျွန်တော့်အတွက် ရစ်စီဂျိမ်းစ်က အာနိုးလ်ထက် ပိုကောင်းတဲ့ ညာနောက်ခံလူပါ။ ဖြတ်တင်ဘောတွေနဲ့ တည်ကန်ဘောတွေ ကန်တဲ့နေရာမှာ အာနိုးလ်က နည်းနည်းလေး သာပေမယ့် ရစ်စီဂျိမ်းစ်ကလည်း မညံ့လှပါဘူး။ ဒါ့အပြင် နေရာယူတာတွေ ၊ ကွင်းလယ်လူတွေနဲ့ ချိတ်ဆက် ကစားတာတွေမှာတော့ ရစ်စီဂျိမ်းစ်က အာနိုးလ်ထက် ပိုသာပါတယ်” လို့ သုံးသပ်သွားခဲ့တာပါ။