ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို ပိုင်ဆိုင်ထားတဲ့ ဂလေဇာမိသားစုက ယခု နွေဈေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာခွင့် တောင်းခံထားတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို မရောင်းချဖို့ ဆုံးဖြတ်ထားကြောင်း နာမည်ကြီး သတင်းထောက် လော်ရီ ဝှိုက်ဝဲလ်က ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရိုနယ်ဒိုက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဂျူဗင်တပ်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ် ကျန်ရှိနေသေးသူပါ။

Photo Credit: Goal

ဒါပေမယ့် ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်မှုကို အကြောင်းပြကာ အသင်းကနေ ထွက်ခွာခွင့် တောင်းခံထားပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူ မန်ဒက်စ်ကလည်း ရိုနယ်ဒိုအတွက် အသင်းသစ်ကို စတင် ရှာဖွေပေးနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုကို ရောင်းချဖို့ စိတ်ကူးမရှိပဲ စာချုပ်ပါအတိုင်း နောက်ထပ် ၁နှစ် ထပ်မံ သက်တမ်းတိုးဖို့တောင် ပြင်ဆင်နေပြီး ယူနိုက်တက်ရဲ့ အသင်းပိုင်ရှင် ဖြစ်တဲ့ ဂလေဇာမိသားစုကလည်း ရိုနယ်ဒိုရဲ့ ပုံရိပ်ကြောင့် ရလာမယ့် စီးပွားရေး အကျိုးအမြတ်ကြောင့် ရိုနယ်ဒိုကို ရောင်းထုတ်ဖို့ တွန့်ဆုတ်နေပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် လော်ရီ ဝှိုက်ဝဲလ်ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ရဲ့ အသင်းပိုင်ရှင် တဦး ဖြစ်သူ ဂျိုဝဲလ် ဂလေဇာက အသင်းရဲ့ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ရိုနယ်ဒိုကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းသွားဖို့ ဆန္ဒရှိကြောင်း ပြောဆိုခဲ့သလို အဆိုပါ အစည်းအဝေးမှာပဲ ယူနိုက်တက်က ရိုနယ်ဒိုကို မရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ မန်ဒက်စ်က သူ့ရဲ့ ကစားသမား အတွက် အသင်းသစ် ရှာဖွေမှုကို ဆက်လက် ပြုလုပ်နေပြီး နာပိုလီနဲ့ ချယ်လ်ဆီးတို့ဟာ ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း ကောလဟာလ သတင်းတွေ ထွက်ပေါ်ထားပါတယ်။