ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို ပိုင်ဆိုင်တဲ့ အမေရိကန် သန်းကြွယ်သူဌေး မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး သတင်းထောက်တွေ အားလုံးက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

ဂလေဇာမိသားစုက ၂၀၀၃ခုနှစ် မတ်လမှာ မန်ချက်စတာ ယူနိုက်တက်ကို စုစုပေါင်း ပေါင် ၇၉၀သန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်က ဆယ်စုနှစ် တစုနီးပါး ဆုဖလား အောင်မြင်မှုတွေ ဆက်တိုက် ရရှိခဲ့ပေမယ့် ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် မရှိတော့တဲ့နောက် မန်ချက်စတာ ယူနိုက်တက်ဟာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ ရုန်းကန်လာရပါတယ်။

Photo Credit: Football 365

ဒါကြောင့်ပဲ ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချဖို့ စတင် စဉ်းစားလာတာ ဖြစ်ပြီး နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက် အတွက် ဝယ်လက်တွေကို ရှာဖွေနေကာ ကမ္ဘာတဝှမ်းမှာ ရှိတဲ့ ဘီလီယံနာတွေကလည်း မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း သိရပါတယ်။

ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ပေါင် ၇၉၀သန်းထဲနဲ့ ဝယ်ယူခဲ့ပေမယ့် ပြန်လည် ရောင်းချချိန်မှာတော့ အနိမ့်ဆုံး ပေါင် ၅ဘီလီယံ ဝန်းကျင် အလိုရှိနေပြီး လက်ရှိမှာတော့ အာရပ်စော်ဘွားအုပ်စုတွေ ၊ နာမည်ကျော် ဘီလီယံနာတွေက မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ သူတို့ရဲ့ အဆက်အသွယ်တွေ ကနေ စတင် ကြိုးပမ်းနေကြပါတယ်။

Photo Credit: Football 365

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့ကလည်း သူတို့အသင်းဟာ အသင်းကို ရေရှည်မှာ တိုးတက် အောင်မြင်အောင် တည်ဆောက်ဖို့ အတွက် စီမံကိန်း အသစ်တွေ ရေးဆွဲနေပြီး အသင်းဟာ အသင်းပိုင်ရှင်သစ် တဦးကို ရှာဖွေနေကြောင်းလည်း တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က – “မန်ချက်စတာ ယူနိုက်တက်ရဲ့ တရားဝင် ထုတ်ပြန် ကြေညာမှုအနေနဲ့ ဘုတ်အဖွဲ့ဟာ အသင်းအတွက် စီမံကိန်းအသစ်တွေ ရေးဆွဲနေတယ် ဆိုတာကိုအသိပေးချင်ပါတယ်။ ဘုတ်အဖွဲ့က အသင်းရဲ့ တိုးတက်မှု ၊ အနာဂတ်နဲ့ ကွင်းတွင်း ၊ ကွင်းပြင် အောင်မြင်မှုတွေ ရအောင် စီမံကိန်း အသစ်တွေကို ရေးဆွဲနေတာ ဖြစ်ပါတယ်။ အသင်းရဲ့ ဘုတ်အဖွဲ့က အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုအသစ် ၊ အသင်းကို ရောင်းချတာ ၊ ဒါမှမဟုတ် အသင်းကို လွှဲပြောင်းပေးတာ စတဲ့ ကိစ္စရပ်တွေ လုပ်ဆောင်ဖို့လည်း ထည့်သွင်း စဉ်းစားနေပါတယ်” လို့ တရားဝင် ထုတ်ပြန် ကြေညာခဲ့တာပါ။