MySport Myanmar

ယူနိုက်တက်ကို မရောင်းချတော့ဖို့ ယတိပြတ် ဆုံးဖြတ်လိုက်တဲ့ ဂလေဇာမိသားစု

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင်မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုက အရောင်းစာရင်း တင်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်ကို ယနေ့မှာပဲ အရောင်းစာရင်း ကနေ ဖယ်ရှားလိုက်ကာ မရောင်းချတော့ဖို့ ဆုံးဖြတ်ချက် ချလိုက်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ဂလေဇာမိသားစုက ယမန်နှစ်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် ရင်းနှီးမြှုပ်နှံသူ အသစ် ရှာဖွေလိုကြောင်း တရားဝင် ကြေညာကာ အသင်းကို အရောင်းစာရင်း တင်ခဲ့ပြီး ဂလေဇာမိသားစုရဲ့ အရောင်းစာရင်း တင်လိုက်မှုကြောင့် ကမ္ဘာတလွှားမှာ ရှိတဲ့ ဘီလီယံနာတွေက မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ ဂလေဇာမိသားစုထံ ဆက်သွယ်ခဲ့ကြပါတယ်။

Photo Credit: Goal

ဘီလီယံနာ အမြောက်အမြားရဲ့ ဆက်သွယ်မှုတွေကို ရရှိပြီးနောက် ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို လေလံတင်ခဲ့ပြီး ကနဦးမှာ အဆိုပါလေလံပွဲကို ဘီလီယံနာ အမြောက်အမြား ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ကာတာစော်ဘွား ရှိတ် ဂျာဆန်နဲ့ ဗြိတိန်သူဌေး ရက်ကလစ်ဖ်တို့ နှစ်ဦးထဲသာ လေလံပွဲထဲမှာ ကျန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာတော့ ရှိတ် ဂျာဆန်နဲ့ ရက်ကလစ်ဖ်တို့ နှစ်ဦးစလုံးက မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ အတွက် သူတို့ရဲ့ နောက်ဆုံး ကမ်းလှမ်းချက်တွေကို ပေးပို့ခဲ့ပြီး ရှိတ် ဂျာဆန်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာ ၁၀၀ ရာခိုင်နှုန်းကို ပေါင် ၅ဘီလီယံနဲ့ ၆ဘီလီယံကြား ပမာဏ တရပ်နဲ့ ဝယ်ယူဖို့ ကမ်းလှမ်းခဲ့သလို ရက်ကလစ်ဖ်ကတော့ ပေါင် ၄ဘီလီယံ ဝန်းကျင်နဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာ ၆၀ရာခိုင်နှုန်းကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂလေဇာမိသားစုက ယူနိုက်တက်ကို ၁နှစ်ကျော်ကြာ အရောင်းစာရင်း တင်ခဲ့ပေမယ့် သူတို့လိုချင်တဲ့ ပေါင် ၁၀ ဘီလီယံကို မရခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ကို အရောင်းစာရင်း ကနေ ဖယ်ရှားကာ မရောင်းချတော့ဖို့ ဆုံးဖြတ်ချက် ချလိုက်ကြောင်း သိရပါတယ်။

ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းတွင်းစွမ်းဆောင်ရည် တိုးတက်လာမှုနဲ့ အလားအလာကောင်းတို့ကြောင့် အသင်းကို ဆက်လက် ထိန်းသိမ်းဖို့ ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပြီး ကာတာစော်ဘွား ရှိတ် ဂျာဆန်က မန်ချက်စတာ ယူနိုက်တက်ကို ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တချို့က ဖော်ပြထားကြပါတယ်။

Exit mobile version