ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အသင်းပိုင်ရှင် မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစု ကတော့ အသင်းရဲ့ တာဝန်ရှိသူတွေကို အားကစား ဒါရိုက်တာ တစ်ဦးအား လျင်လျင်မြန်မြန် ခန့်အပ်ဖို့ ညွှန်ကြားထားကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားခဲ့ပါတယ်။ အားကစား ဒါရိုက်တာ ရာထူးဆိုတာဟာ ယခုနောက်ပိုင်းမှာ ရေပန်းစား လာတဲ့ ရာထူးတစ်ခု ဖြစ်သလို ဘောလုံးအသင်း တစ်သင်း ကောင်းမွန်စွာ လည်ပတ် နိုင်ရန် အတွက် အရေးပါတဲ့ နေရာတစ်ခုအဖြစ် ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။ အထူးသဖြင့် ကလပ်အသင်းတွေဟာ ယခင်ကလို နည်းပြကို အသင်းရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး လုပ်ပိုင်ခွင့် အပြည့်အဝ မပေးတော့တာကြောင့် အားကစား ဒါရိုက်တာ ရာထူးဟာ ရေပန်းစား လာတာလည်း ဖြစ်ပါတယ်။

Photo Credit: Daily Mail

ယခင်က ကလပ်အသင်းတွေရဲ့ နည်းပြတွေဟာ အသင်းတစ်သင်းမှာ နှစ်ရှည်လများ တာဝန်ယူ‌လေ့ ရှိကာ အသင်းရဲ့ စီမံခန့်ခွဲမှု အလုံးစုံကို ပြုလုပ်နိုင်သူတွေ ဖြစ်တာကြောင့် သူတို့ကို အသင်းရဲ့ မန်နေဂျာအဖြစ် သတ်မှတ်ကြပါတယ်။ ဒါပေမယ့် ယခု နောက်ပိုင်းမှာတော့ နည်းပြတွေဟာ အသင်းတစ်သင်းမှာ ရေရှည်ရှိဖို့ ခက်ခဲလာတာကြောင့် မန်နေဂျာရာထူးနဲ့ ခန့်အပ်ခြင်း မခံရတော့ပဲ အသင်းရဲ့ နည်းစနစ်ပိုင်း ဆိုင်ရာကို တာဝန်ယူရတဲ့ နည်းပြတွေ အဖြစ်သာ ခန့်အပ်ခြင်း ခံခဲ့ကြရပြီး ကလပ်တွေဟာ အသင်းရဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေကို ပြုလုပ်ဖို့ အားကစား ဒါရိုက်တာတွေကို ခန့်အပ် လာပါတယ်။ အားကစား ဒါရိုက်တာ ဟာ အသင်းနဲ့ ပတ်သတ်တဲ့ အကဲဖြတ်မှုတွေကို လုပ်ဆောင်ရပြီး အသင်းရဲ့ ရေရှည် စီမံကိန်းတွေ ၊ ကစားသမား ဝယ်ယူ ၊ ရောင်းချမှုတွေကို အဓိကထား ပြုလုပ်ရသူတွေ ဖြစ်ကြကာ အားကစား ဒါရိုက်တာ တစ်ဦး ခန့်အပ်ခြင်းဟာ နည်းပြတွေကို လိုအပ်သလို အပြောင်းအလဲ ပြုလုပ်နိုင်တဲ့ အဓိက သော့ချက်လည်း ဖြစ်လာပါတယ်။

Photo Credit: Daily Mail

အသင်းရဲ့ သက်တော်ရှည် နည်းပြကြီး ဖြစ်တဲ့ ဆာအဲလက်စ် ဖာဂူဆန် ထွက်ခွာပြီး နောက်ပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြ လေးဦးအထိ ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ကာ နည်းပြ အပြောင်းအလဲ များပြားမှုကြောင့် အသင်းရဲ့ ကစားသမား ခေါ်ယူမှု အများစုဟာ အကျိုးမဲ့ ခေါ်ယူမှုတွေသာ ဖြစ်ခဲ့ရပါတယ်။ ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပိုင်ရှင်တွေ ဖြစ်ကြတဲ့ ဂလေဇာ မိသားစုဟာ အသင်းကို ယခင်ကလို ဆုဖလား အောင်မြင်မှု လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ထိပ်တန်း အသင်းတစ်သင်း ဖြစ်လာအောင် ပြုလုပ်ပေးနိုင်မယ့် အားကစား ဒါရိုက်တာ တစ်ဦးကို အသင်းမှာ ခန့်အပ်ချင်နေပြီး ဆီဗီးလားအသင်းရဲ့ အားကစား ဒါရိုက်တာ မွန်ချီ ၊ အေဂျက်အသင်းရဲ့ အားကစား ဒါရိုက်တာလည်းဖြစ် အသင်းရဲ့ ကစားသမားဟောင်းလည်း ဖြစ်တဲ့ ဗန်ဒါဆားတို့ကို ခေါ်ယူ ခန့်အပ်ဖို့ ပြင်ဆင် နေပါတယ်။