ပရီးမီးယားလိဂ် အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်တွေ ဖြစ်တဲ့ ဂလေဇာမိသားစု ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းကို သူတို့ဆီကနေ ဝယ်ယူချင်ပါက ပေးချေရမယ့် ငွေကြေးပမာဏကို သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ ဂလေဇာမိသားစုဟာ ၂၀၀၅ခုနှစ် ဇွန်လ ၂၉ရက်နေ့မှ စတင်ကာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပြီး အသင်းကို အလုံးစုံနီးပါး ပိုင်ဆိုင်ပြီးနောက်မှာ အသင်းအပေါ် လုံလောက်တဲ့ အင်အားဖြည့်တင်းမှုတွေ မပြုလုပ်ပေးခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်း ပရိသတ်တွေရဲ့ ဆန့်ကျင်မှုကို ဆက်တိုက်ဆိုသလို ခံခဲ့ရပါတယ်။

Photo Credit: Metro

လတ်တလောမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ ဥရောပ စူပါလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့မှုနဲ့ ပတ်သတ်ပြီး အသင်းကို အားပေးတဲ့ ပရိသတ်တွေနဲ့ ဂလေဇာမိသားစုကြားမှာ ရှိတဲ့ အမုန်းတရားတွေဟာ ပိုမို ကြီးမားလာခဲ့ကာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေဟာ ယမန်နေ့မှာ အသင်းရဲ့ အိုးထရက်ဖို့ဒ်ကွင်းရှေ့မှာ စုဝေးပြီး ဂလေဇာမိသားစုကို အသင်းကနေ ထွက်ခွာသွားဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ အင်္ဂလန် အခြေစိုက် နာမည်ကြီး သတင်းဌာနတခုဖြစ်တဲ့ Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂလေဇာမိသားစုဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ပရိသတ်တွေရဲ့ သူတို့အပေါ် ဆန့်ကျင်မှုတွေကို စိတ်ပျက်နေကြပြီး အသင်းကို ရောင်းချဖို့ အတွက် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Metro

ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဂလေဇာမိသားစုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပေါင် ၄ဘီလီယံခန့်နဲ့ ရောင်းချသွားဖို့ စီစဉ်နေပြီး လက်ရှိမှာ အသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ သူဌေးတွေနဲ့ ချိတ်ဆက်နေကြောင်းလည်း သိရှိရပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကမ္ဘာပေါ်မှာ ပရိသတ် အများဆုံး ဘောလုံးအသင်းတွေထဲက တသင်းဖြစ်တာကြောင့် အသင်းကို ဂလေဇာမိသားစုဆီကနေ လွှဲပြောင်းရယူဖို့ စိတ်ဝင်စားနေတဲ့ ဘီလီယံနာတွေ အများအပြား ရှိနေပြီး အဆိုပါပုဂ္ဂိုလ်တွေထဲမှာ ဆော်ဒီနိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား ဖြစ်တဲ့ မိုဟာမက် ဘင် ဆဲလ်မန်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်သစ် ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။