MySport Myanmar

ချန်ပီယံတွေကို အနိုင်ရတာက တကယ်ကို ကောင်းပါတယ်လို့ ဆိုလိုက်တဲ့ ဂလပ်စ်နာ

ခရစ္စတယ် ပဲလေ့စ်အသင်းနည်းပြ အိုလီဗာ ဂလပ်စ်နာက မနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကို နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးသွင်းပြီး ၂-၁ ဂိုးနဲ့ အမှတ်ရစရာနိုင်ပွဲ ရရှိခဲ့ပြီးနောက် ဒီလိုစိတ်လှုပ်ရှားစရာနိုင်ပွဲမျိုးက “ကျွန်တော်တို့ ဘောလုံးကို ဘာကြောင့်ချစ်ကြသလဲ” ဆိုတာကို ထင်ဟပ်စေတယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီနိုင်ပွဲကြောင့် ပဲလေ့စ်အသင်းဟာ ပရီးမီးယားလိဂ်ဇယားထိပ်ဆုံးနဲ့ (၃)မှတ်အကွာကို ရောက်ရှိလာခဲ့ပြီး ဒီရာသီမှာ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသော အသင်းအဖြစ် မှတ်တမ်းသစ်တင်နိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဂလပ်စ်နာက သူ့ရဲ့စိတ်လှုပ်ရှားမှုကို အခုလို ဟာသနှောပြီး ပြောကြားခဲ့ပါတယ်။ “ဒါက စိတ်လှုပ်ရှားမှုတွေပါပဲ။ ကျွန်တော် အသက် (၅၀)ကျော်နေပြီ။ ကျွန်တော့်နှလုံးကို ဂရုစိုက်သင့်တယ်။ ပွဲကို နည်းနည်းစောစော အေးအေးဆေးဆေးဖြစ်အောင် လုပ်ပေးသင့်တယ်လို့ ကစားသမားတွေကို ပြောထားတယ်။”

Photo Credit : Sky Sports

“ဒါပေမဲ့ တစ်ဖက်မှာလည်း ဒါကြောင့်ပဲ ကျွန်တော်တို့ ဘောလုံးကို ချစ်ကြတာပေါ့။ ပွဲအဆုံးမှာ ဒီလိုအောင်ပွဲမျိုးကို ပရိသတ်တွေရှေ့မှာ ရယူနိုင်ခဲ့တာက တကယ်ကို ကောင်းပါတယ်။ ကျွန်တော် ကစားသမားတွေဆီကို ပြေးသွားပြီး အောင်ပွဲခံချင်ပေမယ့် (၅)ကိုက်လောက်အလျှောက်မှာ ရပ်လိုက်တယ်။ ဘာလို့လဲဆိုတော့ တစ်ခါက အဝါကတ်ပြခံရဖူးတာကို သတိရသွားလို့ ပြီးတော့ ကျွန်တော့်ဇနီးကလည်း ကျွန်တော့်ကို စိတ်ဆိုးမှာလေ” လို့ သူက ရယ်မောရင်း ဆိုပါတယ်။

စံချိန်တင်နိုင်ပွဲရခဲ့ပေမယ့် ဂလပ်စ်နာကတော့ မြေပြင်ပေါ်မှာပဲ ခြေစုံရပ်ထားပြီး သူ့ရဲ့အာရုံကို လာမယ့် ကြာသပတေးနေ့ မှာ ကစားမယ့် ဒိုင်နမိုကိဗ်နဲ့ ယူအီးအက်ဖ်အေ ကွန်ဖရင့်လိဂ်ပွဲစဉ်ဆီကို ချက်ချင်းပြောင်းလိုက်ပါတယ်။ “အခုမှ စက်တင်ဘာလပဲ ရှိပါသေးတယ်။ ဒါကြောင့် ဘာမှမပြောင်းလဲပါဘူး။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ဒီလိုအချိန်မှာ ကျွန်တော်တို့က နိုင်ပွဲမရသေးတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ရာသီကုန်တော့ အမှတ်ပေးစံချိန်တင်ပြီး အက်ဖ်အေဖလားကို နိုင်ခဲ့တယ်။”

Photo Credit :

“ဒါကြောင့် ကျွန်တော်တို့ အမြဲတမ်း နှိမ့်ချမှုရှိနေရမယ်။ ဒီနိုင်ပွဲကရတဲ့ အကောင်းမြင်စိတ်တွေက ကျွန်တော်တို့ကို မြန်မြန်နာလန်ထူနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဟုတ်ပါတယ်၊ အနိုင်ရတာက ကောင်းပါတယ်။ ချန်ပီယံတွေကို အနိုင်ရတာက ပိုတောင်ကောင်းပါသေးတယ်။ ဒါပေမဲ့ (၅)ရက်ကြာရင် ကိဗ်နဲ့ ကစားရတော့မှာပါ။ ဒီနိုင်ပွဲက စိတ်ပိုင်းဆိုင်ရာ နာလန်ထူမှုကို အထောက်အကူပြုပါလိမ့်မယ်။” လို့ နည်းပြက ပြောကြားသွားခဲ့ပါတယ်။

Exit mobile version