MySport Myanmar

မန်ယူပစ်မှတ် မားကပ် သူရမ်အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်တဲ့ ဂလာဘက်

ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် မိုချန် ဂလာဘက်က သူတို့အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တိုက်စစ်မှူး မားကပ် သူရမ်ကို ဆောင်းရာသီဈေးကွက် အတွင်းမှာပဲ ရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး မားကပ် သူရမ်က မိုချန် ဂလာဘက်နဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်သလို စာချုပ်သစ် ချုပ်ဆိုဖို့လည်း ငြင်းဆန်ထားကာ သူ့ရဲ့ ကစားသမား ဘဝ အတွက် ဂလာဘက်ထက် ပိုကောင်းတဲ့ အသင်းတသင်းဆီ ပြောင်းရွှေ့ချင်နေသူပါ။

Photo Credit: Football 365

အထောင် တိုက်စစ်မှူး အဖြစ် ကစားတတ်တဲ့ သူရမ်က ကမ္ဘာ့အဆင့် တိုက်စစ်မှူး မဟုတ်သေးပေမယ့် သူ့ရဲ့ ဂိုးသွင်းစွမ်းရည်နဲ့ အသင်းဖော်တွေ အတွက် နေရာလွတ် ရှာဖွေပေးနိုင်မှုတို့ကြောင့် တိုက်စစ်မှူး လိုအပ်ချက် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ နာမည်ကြီးအသင်း တချို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

သူရမ်က ယခုနှစ် ဘောလုံးရာသီမှာ မိုချန် ဂလာဘက် အတွက် ပြိုင်ပွဲစုံမှာ ၁၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပြင်သစ်နည်းပြ ဒက်စ်ချမ့်က သူ့ကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်း အတွက် ရွေးချယ်ခဲ့ပါတယ်။

Photo Credit: Football 365

ဂျာမန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂလာဘက်ရဲ့ တာဝန်ရှိသူတွေက အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မားကပ် သူရမ်ကို ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ချင်တာကြောင့် လာမယ့် ဇန်နဝါရီဈေးကွက် အတွင်းမှာပဲ ပြောင်းရွှေ့ကြေး ယူရို ၁၂သန်းနဲ့ ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီး အထောင်တိုက်စစ်မှူး တဦး လိုအပ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က သူရမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Exit mobile version