မနေ့ညက ကျင်းပသွားခဲ့တဲ့ စပါးအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ လန်ဒန်ဒါဘီ ခါရာဘောင်း လိဂ်ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်မှာ စပါးအသင်းက ဘာ့ဂျ်ဝိုင်း လူးကပ်စ်မော်ရာတို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေနဲ့ မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းအသင်းကို အနိုင်ယူ ကျော်ဖြတ်ခဲ့နိုင်ခဲ့ရာ ဒီနိုင်ပွဲမှာ စပါးအတွက် အဓိက စွမ်းဆောင်နိုင်ခဲ့သူတွေထဲ စပါးရဲ့ ဝါရင့်ဂိုးသမားကြီး ဟူဂိုလိုရစ်ပါ ပါဝင်လို့နေပြီး လိုရစ်ရဲ့လက်စွမ်းပြ ကာကွယ်နိုင်မှုတွေကြောင့် စပါးအသင်းအနေနဲ့ ဂိုးတွေကို မခွင့်ပြုခဲ့ရပဲ နိုင်ပွဲရသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

လာမယ့် ဘောက်ဆင်းဒေးနေ့ရက်မှာပဲ အသက်(၃၅)နှစ် ပြည့်မြောက်တော့မယ့် ပြင်သစ်ဝါရင့် ဂိုးသမားကြီး လိုရစ်ဟာ ၂၀၁၂ခုနှစ်ကမှ လိုင်ယွန်ကနေ စပါးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့လည်း ဆယ်စုနှစ်တစ်ခုထိ ဖြတ်သန်းခဲ့တာဖြစ်ပေမယ့် သူရဲ့လက်ရှိ စာချုပ်သက်တမ်းက အခုနှစ် ဘောလုံးရာသီအကုန်မှာပဲ ကုန်ဆုံးရတော့မှာ ဖြစ်ပါတယ်။ လိုရစ်ဟာ စပါးအသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်သလို မနေ့က ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လိဂ်ဖလားပွဲမှာလည်း အသင်းအတွက် ဂိုးပေးရနိုင်လောက်တဲ့ ကန်ချက်တွေကို စွမ်းစွမ်းတမံ ကာကွယ်ပေးသွားနိုင်တာကြောင့် စပါးပရိသတ်တွေက အသင်းအနေနဲ့ လိုရစ်ကို သူလိုချင်နေတဲ့ လစာပမာဏမျိုး စာချုပ်သက်တမ်းမျိုးနဲ့ ကမ်းလှမ်းသွားဖို့ တောင်းဆိုမှုတွေ ပြုလုပ်လာကြပါတယ်။

Photo Credit : Daily Mail

“ဟူဂိုလိုရစ်ကို သူရဲ့မွေးနေ့ ဘောက်ဆင်ဒေးမှာပဲ သူ့ကို စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်းပါ ကြေညာမလား ဒါမှမဟုတ် ကျွန်ေ်တာ်တို့တွေ ဆူညံဆူညံ လုပ်ပေးရမလား” လို့ စပါးပရိသတ်တစ်ဦးက သူရဲ့ဆန္ဒကို တွစ်တာစာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားသလို လိုရစ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကစားသမားတွေထဲကမှ ထိပ်တန်းကစားသမားဖြစ်လို့ စပါးအသင်းအနေနဲ့ သူ့နေရာမှာ ပြန်လည်အစားထိုးဖို့ဆိုတာ ခက်ခဲနိုင်တဲ့အတွက် သူအလိုရှိနေတဲ့ ကမ်းလှမ်းချက်တွေအတိုင်းနဲ့ စာချုပ်သစ်ကိစ္စကို အမြန်ဆုံး ပြီးပြတ်အောင် လုပ်ဆောင်သင့်တယ်လို့လည်း ပရိသတ်တွေက စပါးအသင်းဘက်ကို တောင်းဆိုထားကြပါတယ်။ နိုက်စ် လိုင်ယွန်အသင်းတို့ရဲ့ ဂိုးသမားဟောင်းတစ်ဦးဖြစ်တဲ့ လိုရစ်ဟာ စပါးအသင်းအတွက် ဒသမမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေလျက်ရှိပြီး အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၃၉၀)အထိကို ပါဝင်ကစားထားနိုင်ခဲ့ကာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ဒုတိယဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂိုးသမားကြီး လိုရစ်ဟာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့လည်း ကမ္ဘာ့ဖလားနဲ့ UEFA Nations League ဖလားတွေကိုပါ ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။