ချယ်လ်ဆီးအသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး အိုလီဗာဂျရူးအနေနဲ့ ဒီနောက်ပိုင်းပွဲစဉ်တွေမှာ အသင်းအတွက် ပြန်လည်ပါဝင်ကစားပေးနေရသလို သွင်းဂိုးတွေကိုလည်း သွင်းယူပေးနေပေမယ့် အသင်းရဲ့အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ်နဲ့တော့ ဘယ်တော့မှ သတ်မှတ်ခံရမှာမဟုတ်ပဲ သူ့ကို လိုအပ်မှသာ အသင်းနည်းပြ ဖရန့်လမ်းပတ်ကနေ ထုတ်သုံးနေတာဖြစ်တယ်လို့ ချယ်လ်ဆီးနဲ့ပြင်သစ် နောက်ခံလူဟောင်း မာဆယ်ဒီဆယ်လီက သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : talkSPORT

ဂျရူးရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဒီဆယ်လီက “သူက ချယ်လ်ဆီးအသင်းရဲ့ အနာဂတ်မဟုတ်တော့ပါဘူး။ သူဘယ်တော့မှ အသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်လာတော့မှာ မဟုတ်ဘူး။ သူအနေနဲ့ ကလပ်အသင်းအတွက် အခိုက်အတန့်တစ်ခုလောက်အတွက်ပဲ အသုံးဝင်တော့တဲ့ ကစားသမားမျိုး ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ လမ်းပတ်အနေနဲ့ သူ့အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပြိုင်ဘက်အခြေအနေကို သေချာလေ့လာကြည့်ပြီး ပြိုင်ဘက်အသင်းဘက်မှာ ယှဉ်ကစားဖို့ အခြေအနေမရှိနိုင်တဲ့ ကစားသမားမျိုး ပါဝင်နေမှသာ ဂျရူးကို ပွဲထွက်ကစားသမားအဖြစ် သုံးစွဲလာမှာပါ”

Photo Credit : Goal

“လမ်းပတ်အနေနဲ့ ဂျရူးကို ဒီလိုမကြာခဏ ထုတ်သုံးခြင်းကနေ သူရဲ့ခြေစွမ်းပိုင်းတွေကို ပြန်လည်တောက်ပလာနိုင်အောင် ကူညီပေးနိုင်တယ်ဆိုပေမယ့်လည်း ဂျရူးက လမ်းပတ်အတွက်တော့ ပထမဦးစားပေး တိုက်စစ်မှူးတစ်ယောက်တော့ မဖြစ်နိုင်ပါဘူး။ လမ်းပတ်မှာက တမ်မီအေဘရာဟမ်ရော တီမိုဝါနာရော ရှိနေတယ်။ ဂျရူးက ဒီကစားသမား(၂)နှစ်ယောက်နဲ့ ပွဲထွက်နေရာအတွက် အမြဲပြိုင်နေရမှာဖြစ်လို့ ပွဲထွက်ခွင့်တွေကို အမြဲရဖို့ဆိုတာလည်း မျှော်လင့်လို့ မလွယ်ပါဘူး။ ဂျရူးက အခုဆိုရင် အသက်(၃၄)နှစ်အရွှယ်ကို ရောက်ရှိနေပြီဖြစ်လို့ အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်အဖြစ် မသတ်မှတ်ခံရတော့ပေမယ့်လည်း သူ့ကိုအလိုရှိနေတဲ့ အချိန်တိုင်းမှာဆိုရင်တော့ သူရဲ့အရေးပါမှုကို ထုတ်ဖော်ပြသနိုင်တဲ့သူပါ” လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ ဂျရူးဟာ ချယ်လ်ဆီးအသင်းမှာ သူရဲ့ပွဲထွက်ခွင့်တွေ နည်းပါးနေပေမယ့်လည်း ပြင်သစ်လက်ရွေးစင်အသင်းမှာတော့ အမြဲလိုလို ပွဲထွက်ကစားခွင့်တွေ ရရှိနေတဲ့အပြင် လာမယ့်၂၀၂၀ ယူရိုပြိုင်ပွဲမှာလည်း အသင်းအတွက် ပါဝင်ကစားပေးရဖို့အတွက် လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ သူ့ကို ပုံမှန်ကစားခွင့် ပေးနိုင်မယ့် ကလပ်အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။ ဂျရူးဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး(၈)ဂိုး ရယူထားခဲ့ပြီး ရာသီအကုန်မှာတော့ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပါတယ်။