အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အေစီမီလန်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ အိုလီဗာ ဂျရူးကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မီလန်ဒါဘီမှာ အသင်းအတွက် အဖိုးတန် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ အပြီးမှာတော့ သူတို့ရဲ့ အေစီမီလန်ဟာ စီးရီးအေ ချန်ပီယံဆု အတွက် ပြန်လာပြီလို့ ကြုံးဝါးသွားခဲ့ပါတယ်။

မီလန်မြို့ခံ အသင်းနှစ်သင်း ဖြစ်တဲ့ အေစီမီလန်နဲ့ အင်တာမီလန်တို့ဟာ ယခုနှစ် ဘောလုံးရာသီမှာ စီးရီးအေ ချန်ပီယံဆု အတွက် အပြိုင်အဆိုင် ဖြစ်နေတဲ့ အသင်းတွေ ဖြစ်ကြပြီး ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မီလန်ဒါဘီမှာ အေစီမီလန်က အင်တာမီလန်ကို အနိုင်ရခဲ့ပြီးနောက် သူတို့နှစ်သင်းကြားက ရမှတ် ကွာဟချက်ဟာ ၁မှတ်သာ ကျန်ရှိပါတော့တယ်။

Photo Credit: 90 Mins

ဆန်စီရိုကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ မီလန်ဒါဘီပွဲစဉ်မှာ အင်တာမီလန်က အဓိက တောင်ပံတိုက်စစ် ကစားသမား ပါရီဆစ်ရဲ့ သွင်းဂိုးနဲ့အတူ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲကြီးပွဲကောင်းတိုင်း သွင်းဂိုးတွေ သွင်းယူနိုင်လေ့ ရှိတဲ့ ဂျရူးက အေစီမီလန် အတွက် နောက်ကျ ချေပဂိုးတွေနဲ့ အဖိုးတန် အနိုင်ဂိုးတွေကို ပွဲကစားချိန် ၇၅မိနစ်နဲ့ ၇၈မိနစ်တို့မှာ သွင်းယူပေးခဲ့တာကြောင့် အေစီမီလန်က အဖိုးတန် ရမှတ် ၃မှတ်ကို စုဆောင်းသွားနိုင်ခဲ့ပါတယ်။

အဆိုပါနိုင်ပွဲကြောင့်ပဲ အေစီမီလန်ဟာ စီးရီးအေပွဲစဉ် (၂၄) ပြီးဆုံးချိန်မှာ အင်တာမီလန်နဲ့ ရမှတ် ၁မှတ်သာ ကွာဟတဲ့ အနေအထားဆီ ရောက်လာခဲ့ပြီး အင်တာမီလန်က ပွဲကျန်တပွဲ ကစားဖို့ ကျန်နေသေးပေမယ့် အေစီမီလန်အနေနဲ့ စီးရီးအေ ချန်ပီယံဆုကို မျှော်မှန်းနိုင်တဲ့ အနေအထားဆီ ရောက်လာတာကိုတော့ ငြင်းလို့ မရပါဘူး။

Photo Credit: 90 Mins

မီလန်ဒါဘီမှာ အေစီမီလန် အတွက် သူရဲကောင်း ဖြစ်ခဲ့တဲ့ အိုလီဗာ ဂျရူးကတော့ သူတို့အသင်းဟာ စီးရီးအေ ချန်ပီယံဆု အတွက် ပြန်လာပြီလို့ ဝင့်ဝင့်ကြွားကြွား ကြုံးဝါးသွားခဲ့ပါတယ်။

ဂျရူးက – “ပွဲမတိုင်ခင်က ကျွန်တော် ပြောခဲ့ဖူးသလိုပါပဲ။ ဒီနေ့ပွဲက ထူးခြားတဲ့ ပွဲတပွဲပါ။ ကျွန်တော်တို့က မီလန်ဒါဘီကို အနိုင်ရခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ပထမပိုင်း ပွဲကစားချိန် အတွင်းမှာ ရုန်းကန်ခဲ့ရပေမယ့် ဒုတိယပိုင်းမှာတော့ အကောင်းမွန်ဆုံး ခြေစွမ်းတွေကို ပြန်လည် ရရှိခဲ့ပါတယ်။ ကျွန်တော်က တဖက်အသင်းရဲ့ ဂိုးဧရိယာထဲမှာ နေပြီး ကျွန်တော့်ဆီ ကောင်းမွန်တဲ့ ဖြတ်တင်ဘော တကြိမ် ၊ နှစ်ကြိမ်လောက် ရလာဖို့ မျှော်လင့်ထားခဲ့တာပါ။ ကျွန်တော့်ရဲ့ ပထမသွင်းဂိုးက ကံအနည်းငယ် ကောင်းသွားလို့ ရခဲ့တာ ဆိုပေမယ့် အနိုင်ဂိုးမှာတော့ ကာလာဘရီယာရဲ့ ပေးပို့မှုက ကောင်းမွန်ခဲ့ပါတယ်။ အသင်းရဲ့ ပရိသတ်တွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့လို့လည်း ကျေနပ်မိပါတယ်။ ပြီးတော့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်နဲ့ ကစားသွားခဲ့တဲ့ အသင်းအတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့တွေ (အေစီမီလန်) ပြန်လာပါပြီ။ ကျွန်တော်တို့တွေကို စောင့်ဆိုင်းနေတဲ့ ပွဲစဉ်တွေ အများကြီး ရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ အစွမ်းကုန် ကြိုးစားဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့တာပါ။