အီတလီ စီးရီးအေ လက်ရှိချန်ပီယံ အေစီမီလန်ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ အိုလီဗာ ဂျရူးကတော့ ယခု နွေဈေးကွက် အတွင်းမှာ အေစီမီလန်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အသင်းဖော်ဟောင်း ဟာကင် ဇီရက်ဇ်ကို အေစီမီလန်ထံ ပြောင်းလာဖို့ ဖိတ်ခေါ်သွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး အိုလီဗာ ဂျရူးက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ချယ်လ်ဆီးကနေ အေစီမီလန်ထံ ပြောင်းရွှေ့ကြေး ယူရို ၁သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အေစီမီလန် ကစားသမား ဘဝ ပထမဦးဆုံး ဘောလုံးရာသီမှာပဲ အသင်းကို ဝေးကွာနေတဲ့ စီးရီးအေ စကူဒက်တို ချန်ပီယံဖလားအား ပြန်လည် သိမ်းပိုက်နိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

တဖက်မှာတော့ အသက် ၂၉နှစ် အရွယ် တောင်ပံတိုက်စစ် ကစားသမား ဟာကင် ဇီရက်ဇ်က အေဂျက်ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် ထိုက်သင့်တဲ့ ခြေစွမ်းတရပ်ကို ပြသနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးနည်းပြ တူဟယ်လ်က သူ့ရဲ့ ခြေစွမ်းမတည်ငြိမ်မှုကို သဘောမကျတာကြောင့် ဇီရက်ဇ်ကို ယခု နွေဈေးကွက် အတွင်းမှာပဲ ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။

လက်ရှိမှာ ချယ်လ်ဆီးက ဇီရက်ဇ်ကို ရောင်းထုတ်ကာ သူ့ရဲ့ နေရာအတွက် မန်ချက်စတာ စီးတီးရဲ့ တောင်ပံတိုက်စစ် ကစားသမား စတာလင်းနဲ့ လိဒ်ယူနိုက်တက်ရဲ့ တောင်ပံတိုက်စစ် ကစားသမား ရာဖင်ဟာတို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ဇီရက်ဇ်ကလည်း သူ့ကို မယုံကြည်တဲ့ ချယ်လ်ဆီးကနေ ထွက်ခွာဖို့ စဉ်းစားနေပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ အေစီမီလန်က ချယ်လ်ဆီးကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ ဟာကင် ဇီရက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး အေစီမီလန်ရဲ့ တာဝန်ရှိသူတွေနဲ့ ဇီရက်ဇ်ရဲ့ အေးဂျင့်တို့ ကြားထဲမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ရှိနေကာ ဇီရက်ဇ်နဲ့အတူ ချယ်လ်ဆီးမှာ တွဲဖက် ကစားခဲ့ဖူးတဲ့ ဂျရူးကတော့ ဇီရက်ဇ်ဟာ ထူးခြားတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားသူ တဦး ဖြစ်တာကြောင့် အေစီမီလန်နဲ့ လိုက်ဖက်ညီသလို ဇီရက်ဇ်ကလည်း အေစီမီလန်ဆီ ပြောင်းရွှေ့လာသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

ဂျရူးက – “ဇီရက်ဇ်က ထိပ်တန်း ကစားသမား တယောက်ပါ။ ကျွန်တော်တို့ နှစ်ယောက်က ပွဲအနည်းငယ်ပဲ အတူတူ ကစားခဲ့ရပေမယ့် ကျွန်တော်တို့ရဲ့ ကြားထဲမှာ အရမ်းကောင်းတဲ့ နားလည်မှုတွေ ရှိပါတယ်။ သူ့ရဲ့ ဘယ်ခြေကလည်း အရမ်းကို ကောင်းပါတယ်။ ပြီးတော့ သူက အတွေ့အကြုံများတဲ့ ကစားသမား တဦး ဖြစ်သလို နည်းစနစ်ပိုင်းမှာလည်း ထူးချွန်ပါတယ်။ ဒါကြောင့် သူနဲ့သာ နောက်ထပ်တကြိမ် တွဲကစားခွင့် ရရင် အတော်လေး ကောင်းပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။