ပရီးမီးယားလိဂ် ထိပ်သီးအသင်း တစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ဂျရူးကတော့ ယနေ့မနက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပြင်သစ်အသင်းနဲ့ ယူကရိန်းအသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး၂ဂိုး သွင်းယူ ပေးခဲ့ပြီး အဆိုပါသွင်းဂိုးတွေကို သွင်းယူပေးခဲ့ပြီး နောက်မှာ ပြင်သစ်လက်ရွေးစင် အသင်းရဲ့ သမိုင်းတစ်လျှောက် ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အချက်အလက် မှတ်တမ်းတွေအရ ယူကရိန်းအသင်းနဲ့ ပွဲစဉ်ဟာ ဂျရူးအတွက် ပြင်သစ်လက်ရွေးစင် အသင်းကို ကိုယ်စားပြုကာ ဝင်ကစားပေးခဲ့တဲ့ ပွဲ၁၀၀ ပြည့်မြောက်တဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။

Photo Credit: Yahoo Sport

အသက် ၃၄နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဝါရင့် တိုက်စစ်မှူး ဂျရူးဟာ မိခင်ကလပ် ချယ်လ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် မရပေမယ့် ပြင်သစ်လက်ရွေးစင် အသင်းမှာတော့ ပုံမှန် ပွဲထွက်ခွင့် ရရှိနေပြီး နည်းပြ ဒက်ချမ့်ရဲ့ ယုံကြည်အားကိုးမှုကို ခံရတဲ့ ကစားသမား တစ်ဦးပါ။ ဂျရူးကလည်း သူဟာ ယုံကြည်မှုတွေနဲ့ ထိုက်တန်သူ တစ်ဦး ဖြစ်ကြောင်း အမြဲလိုလို ပြသလေ့ ရှိပြီး ယူကရိန်းအသင်းနဲ့ ပွဲစဉ်မှာ ဆိုရင် ပွဲချိန် ၂၄မိနစ်နဲ့ ၃၄မိနစ်တို့မှာ အသင်းအတွက် သွင်းဂိုး နှစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ်။ ပြင်သစ်အသင်း အတွက် သွင်းဂိုးတွေ သွင်းယူပေးခဲ့တဲ့ အခြား ကစားသမားတွေ ကတော့ ပွဲချိန် ၉မိနစ်မှာ ကာမာဗင်ဂါ ၊ ပွဲချိန် ၆၅မိနစ်မှာ တိုလစ်ဆို ၊ ပွဲချိန် ၈၂မိနစ်မှာ အမ်ဘာပေတို့ ဖြစ်ပြီး ပွဲချိန် ၃၉မိနစ်မှာ ယူကရိန်း နောက်ခံလူ မိုင်ကိုလန်ဂိုက ကိုယ့်ဂိုးကိုယ် သွင်းယူမိတာကြောင့် လက်ဆောင်ဂိုး တစ်ဂိုး ရရှိခဲ့ပါတယ်။

Photo Credit: Yahoo Sport

ယူကရိန်းအသင်း အတွက် တစ်လုံးထဲသော ချေပဂိုးကိုတော့ ပွဲချိန် ၅၃မိနစ်မှာ လူစားဝင် တောင်ပံ ကစားသမား ဆီဂန်ကော့က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ ယူကရိန်းအသင်းနဲ့ ပွဲစဉ်မှာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဂျရူးဟာ ပြင်သစ်လက်ရွေးစင် အသင်းရဲ့ ဂန္တဝင် ကစားသမားကြီး ဖြစ်တဲ့ ပလာတီနီ(၄၁ဂိုး)ကို ကျော်ဖြတ်ကာ ပြင်သစ်လက်ရွေးစင် အသင်းရဲ့ သမိုင်းတစ်လျှောက် ဒုတိယမြောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဂျရူးဟာ ပြင်သစ်လက်ရွေးစင် အသင်းအတွက် သွင်းဂိုး ၄၂ဂိုးအထိ သွင်းယူပေးထားနိုင်သူ ဖြစ်ပြီး ပြင်သစ်လက်ရွေးစင် အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူ ပေးထားတဲ့ ကစားသမား ကတော့ ဂန္တဝင် တိုက်စစ်မှူး အွန်နရီ ဖြစ်ကာ အွန်နရီဟာ စုစုပေါင်း ၅၁ဂိုးအထိ သွင်းယူပေးထားတာပါ။ ဂျရူးတစ်ယောက် အွန်နရီရဲ့ စံချိန်ကို လိုက်မှီနိုင်မယ် လို့ ထင်ကြလားဗျ…။