MySport Myanmar

ပီအက်စ်ဂျီအသင်းကို ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ဂျရူး ဆို

အေစီမီလန်အသင်းရဲ့ ဝါရင့် တိုက်စစ်ကစားသမားကြီး အိုလ်ီဗီယာ ဂျရူးက ဒီနေ့ညမှာ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ် (၃)အဖြစ် လီဂူးထ်ိပ်သီးကလပ် ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်သွားရမယ့်အချိန် သူတို့အနေနဲ့ ပီအက်စ်ဂျီကို ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ အတိအလင်း ပြောဆိုသွားခဲ့ပါတယ်။

ပီအက်စ်ဂျီ နဲ့ အေစီမီလန်တို့ဟာ နယူးကာဆယ် ဒေါ့မွန်အသင်းတို့နဲ့ ချန်ပီယံလိဂ် မရဏအုပ်စုမှာ တစ်အုပ်စုတည်း အတူ ကျရောက်နေပြီး (၂)ပွဲ ကစားထားပြီးချိန်မှာ ပီအက်စ်ဂျီက (၁)ပွဲနိုင် (၁)ပွဲရှုံးထားကာ မီလန်ကတော့ (၂)ပွဲလုံး သရေကျထားခဲ့ပါတယ်။

Photo Credit : Opta Analyst

အခုပွဲကတော့ ပီအက်စ်ဂျီရော မီလန်အတွက်ပါ အလွန် အရေးကြီးတဲ့ ပွဲစဉ်ဖြစ်လို့နေပြီး နိုင်ပွဲမရထားသေးတဲ့ မီလန်အတွက် ပိုလို့တောင် အရေးကြီးနေရပါတယ်။ မီလန်က နယူးကာဆယ် နဲ့ ဒေါ့မွန်အသင်းတွေကို ဂိုးမရှိသရေသာ ကစားထားနိုင်ပြီး ဒီပွဲမှာ မဖြစ်မနေ သွင်းဂိုးရဖို့ရော နိုင်ပွဲရရှိဖို့ပါ လိုအပ်နေပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးယဲလ်မက်ဒရစ်ပြီးရင် ဒုတိယမြောက် အအောင်မြင်ဆုံး ကလပ်အသင်း ဖြစ်ပြီး မနှစ်ကလည်း ဆီမီးဖိုင်နယ်အဆင့်ထိ တက်လှမ်းထားနိုင်ခဲ့တဲ့ မီလန်ဟာ လက်ရှိမှာတော့ အုပ်စုကနေ နောက်တစ်ဆင့် တက်နိုင်ဖို့ကိုတောင် ရုန်းကန်ရတော့မှာ ဖြစ်ပေမယ့် သူတို့က ပီအက်စ်ဂျီကို အကောင်းဆုံး ရင်ဆိုင်သွားမယ်လို့ ဂျရူးက ဆိုလာပါတယ်။

Photo Credit : Sky Sports

“ပီအက်စ်ဂျီနဲ့ပွဲက ကျွန်တော်တို့အတွက် အဆုံးအဖြတ်ပေးမယ့်ပွဲ မဟုတ်ပါဘူး။ ဒါပေမယ့် အကောင်းဆုံးရလဒ် ရရှိအောင် ကြိုးစားသွားမှာ ဖြစ်သလို ကျွန်တော်တို့ အသင်းအတွက်လည်း အခွင့်အရေး ရှိနေပါတယ်။ ကျွန်တော်တို့တွေ ပီအက်စ်ဂျီအသင်းကိုကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။” လို့ ဂျရူးက ပြောကြားသွားခဲ့ပါတယ်။

ပီအက်စ်ဂျီကတော့ မီလန်နဲ့ ရင်မဆိုင်ခင်မှာ ဒေါ့မွန်ကို အနိုင်ယူခဲ့ပေမယ့် နယူးကာဆယ်ကိုတော့ အဝေးကွင်းမှာ မရှုမလှ ရလဒ်မျိုးနဲ့ အပြတ်အသတ် အရှက်တကွဲ ရှုံးနိမ့်ထားခဲ့ရပါတယ်။

Exit mobile version