ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ဝါရင့် ကစားသမားကြီးဖြစ်သူ တိုက်စစ်မှူးအိုလီဗီယာဂျရူးက ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွဲသွားမယ့် သူတို့ရဲ့ ပြင်သစ်အသင်းမှာ အသင်းအတွက် အဓိကကျတဲ့ ကစားသမားတစ်ဦးဖြစ်သော ပေါလ်ပေါ့ဘာက ဒဏ်ရာပြသာနာကြောင့် လွဲချော်ထားခဲ့ရပေမယ့် ပေါ့ဘာရဲ့ အခန်းကဏ္ဍာတွေကို သူ ဖြည့်တင်းပေးသွားနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

Photo Credit : Sky Sports

ဂျုဗင်တပ်စ်နဲ့ ပြင်သစ်အသင်းတို့ရဲ့ ကွင်းလယ်လူ ပေါ့ဘာဟာ ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းနဲ့အတူ အံ့မခန်းခြေစွမ်းတွေ ပြသနိုင်ခဲ့သလို အသင်းဖော်တွေအပေါ်မှာလည်း သူရဲ့စကားခွန်းအားတွေနဲ့ တိုက်တွန်းမှုတွေ လုပ်ဆောင်ခဲ့ရင်း အသင်းကလည်း ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်လာခဲ့ရပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ပေါ့ဘာဟာ ဒီနှစ်ဘောလုံးရာသီ အစကတည်းက ဒဏ်ရာပြသာနာတွေနဲ့ လုံးပန်းနေရပြီး လက်ရှိမှာလည်း မသက်သာသေးတဲ့ အခြေအနေကြောင့် သူအပါအဝင် သူရဲ့လက်ရွေးစင်အသင်းဖော် ကန်တေနဲ့ လိုက်ပ်ဇစ်မှာ အထူးခြေစွမ်းပြနေသူ အန်ကွန်ကူတို့ပါ ၂၀၂၂ကမ္ဘာ့ဖလားနဲ့ အသီးသီး လွဲချော်ခဲ့ရပါတယ်။

Photo Credit : We Ain’t Got Not History

“ပေါလ်ပေါ့ဘာက ကမ္ဘာ့ဖလားကို လွဲချော်ရလိမ့်မယ်။ ဒါပေမယ့် သူတင်မကပါဘူး။ အန်ဂိုလိုကန်တေနဲ့ ခရစ္စတိုဖာအန်ကွန်ကူတို့လည်း လွဲချော်ကြရဦးမှာပါ။ ကျွန်တော်တို့က သူတို့ကို စဉ်းစားနေပြီးတော့ သူတို့ ဂုဏ်ယူနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ ပေါလ်ကတော့ သူရဲ့ ပင်ကိုယ်အရည်အသွေး သြဇာတိက္ကမနဲ့ ပြည့်စုံခြင်းတို့ကြောင့် အသင်းမှာ ခေါင်းဆောင်တစ်ဦးလို နေရာအများကြီး ယူနိုင်ခဲ့တယ်။ ဒါပေမယ့်လည်း သူ မပါဝင်လာနိုင်ချိန်မှာ တခြားခေါင်းဆောင်တွေလည်း ထွက်ပေါ်လာပါလိမ့်မယ်။ လူငယ်ကစားသမားလေးအတွက် အတူ ရပ်တည်ပေးမယ့် သူတို့လိုအပ်နေတဲ့အခါ စကားပြောဆိုပေးမယ့် အသင်းအတွက် လှုံဆော်မှုပေးမယ့် အားလုံးကို တစ်စုတစ်စည်းတည်း ရှိနေအောင် လုပ်ဆောင်ပေးမယ့် အစ်ကိုကြီးတစ်ဦးအဖြစ် ကျွန်တော် တာဝန်ယူထားပါတယ်” လို့ ဂျရူးက ပြောဆိုသွားခဲ့ပါတယ်။ အသက်(၃၆)နှစ်အရွယ်ရှိ တိုက်စစ်မှူးကြီး ဂျရူးက ၂၀၁၁ခုနှစ်ကတည်းက ပြင်သစ်အသင်းအတွက် စတင် ပါဝင်ကစားပေးခဲ့ရင်း လက်ရှိမှာ (၁၁၄)ပွဲအထိ ကစားထားနိုင်ခဲ့သလို ၂၀၁၆ခုနှစ်မှာ ယူရိုပြိုင်ပွဲအတွင်း ဒုတိယရခဲ့သလို ၂၀၁၈ကမ္ဘာ့ဖလားမှာတော့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။