ချဲလ်ဆီး တိုက်စစ်မှူး ဂျီရော့ကတော့ အိမ်ကွင်းမှာ ဘိုင်ယန်အသင်းကို (၃-ဝ) နဲ့ ရှုံးနိမ့်ခဲ့တာကို အဝေးကွင်းမှာ အနိုင်ယူပြန်ဖို့က မဖြစ်နိုင်သလောက်ပါပဲလို့ အခိုင်အမာ ပြောသွားပါတယ်။ ချဲလ်ဆီးအသင်းဟာ မနေ့ညက ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ ဘိုင်ယန်အသင်းကို အိမ်ကွင်းမှာ (၃-ဝ) ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပထမပိုင်းပြီးတဲ့ အထိ သရေကစားနိုင်ခဲ့ပေမဲ့လည်း ဒုတိယပိုင်း နာဘရီရဲ့ သွင်းဂိုး (၂) ဂိုး နဲ့ လီဝန်းဒေါ့စကီးရဲ့ သွင်းဂိုး (၁) ဂိုးတို့ကို ခွင့်ပြုခဲ့ရပြီး ရှုံးနိမ့်သွားခဲ့ရပါတယ်။

 

Photo Credit: Goal

နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ ဘိုင်ယန်အသင်းနဲ့ ကစားသွားရမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ နောက်ခံလူ အလွန်ဆို နဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုတို့ မပါဘဲ ကစားရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ရှေ့လ မတ်လ (၁၉) ရက်နေ့မှာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယ အကျော့ အဝေးကွင်း ပွဲစဉ်ကို ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပြန်လည် ကစားသွားရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီး တိုက်စစ်မှူး ဂျီရော့က ဘိုင်ယန်အသင်းနဲ့ ပြန်ကစားသွားမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ ဘိုင်ယန်အသင်းကို အနိုင်ရပြီး ချန်ပီယံလိဂ် ပြိုင်ပွဲက ဖြုတ်ပစ်ဖို့ ခက်ခဲမယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး ဂျီရော့က “လာမယ့် ပွဲစဉ်မှာ ဖြုတ်ချဖို့က မဖြစ်နိုင်သလောက်ပါပဲ။ ကျွန်တော်တို့အသင်းအနေနဲ့ အဝေးကွင်းကို ယုံကြည်မှုနဲ့ သွားပြီး ဂိုးသွင်းနိုင်မယ်လို့ ယုံကြည်နေရပါမယ်။ ဘာဖြစ်လာမလဲ မသိရသေးပါဘူး။ သူတို့က ကျွန်တော်တို့ရဲ့ ကွင်းမှာ (၃) ဂိုး သွင်းခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သူတို့ရဲ့ ကွင်းကို သွားပြီး ပေးဂိုးမရှိဘဲ (၃) ဂိုး ပြန်သွင်းဖို့ လိုပါတယ်။ ကျွန်တော် နောက်နေတာ မဟုတ်ပါဘူး။ ဒါမှ ကျွန်တော်တို့အသင်းမှာ ဆုံးရှုံးစရာ မရှိမှာပါ။ ကျွန်တော်တို့ လာမယ့် ပွဲစဉ်ကို ပိုပြီး လွတ်လပ်စွာ ကစားသွားကြမှာပါ။ သူတို့အသင်းကတော့ အတွေ့အကြံ အများကြီး ရှိထားတဲ့ အသင်းပါ။ ကျွန်တော် ဘောလုံးကွင်းထဲကို ရောက်သွားရင် အရာအားလုံးက အဆင်ပြေနေတယ်လို့ပဲ တွေးလိုက်ပါတယ်”လို့ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။