၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်သူမှ မထင်ထားလောက်အောင် စွမ်းဆောင်နေနိုင်တဲ့ အာဖရိကကိုယ်စားပြု မော်ရိုကိုအသင်းကို (၂)ဂိုးပြတ်နဲ့ အနိုင်ယူပြီး (၂)ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားဖိုင်နယ်ကို တတ်လှမ်းနိုင်ခဲ့တဲ့ ပြင်သစ်အသင်းဟာ ဖိုင်နယ်မှာ မက်ဆီရဲ့ အာဂျင်တီးနားအသင်းနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ကာ မက်ဆီကိုလည်း သူတို့အသင်းဘက်က မရရအောင် တားဆီးနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြင်သစ် တိုက်စစ်မှူးကြီး အိုလီဗီယာဂျရူးက ကြုံးဝါး ပြောဆိုလိုက်ပါတယ်။

Photo Credit : Marca

ပြီးခဲ့တဲ့ ၂၀၁၈ရုရှားကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့ရတဲ့ ပြင်သစ်အသင်းဟာ အခု ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအဆင့်ကို ထပ်မံ တတ်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး ချန်ပီယံဆုကို ဆက်လက် ကာကွယ်နိုင်ဖို့ပါ အခြေအနေကောင်းတစ်ရပ်ဆီ ရောက်ရှိနေခဲ့ရပြီ ဖြစ်ပါတယ်။ တစ်ဖက်မှာကလည်း မက်ဆီ ဦးဆောင်နေတဲ့ အာဂျင်တီးနားဟာလည်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲထိကို ရောက်ရှိနေခဲ့ပြီ ဖြစ်တာကြောင့် ၁၉၈၆ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားဆုကြီးကို ပြန်လည် သိမ်းပိုက်နိုင်မယ့် အခြေအနေ ဒါမှမဟုတ် GOAT ကြီး မက်ဆီအတွက် အရမ်း လိုအပ်နေတဲ့ ကမ္ဘာ့ဖလားကြီးကို ရရှိနိုင်မယ့် အခြေအနေနဲ့ လက်တစ်ကမ်းအကွာဆီ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Photo Credit : The US Sun

လက်ရှိမှာတော့ မက်ဆီဟာ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အာဂျင်တီးနားအတွက် (၅)ဂိုးသွင်း (၃)ဂိုး ဖန်တီးထားနိုင်ခဲ့ပြီး အကောင်းဆုံးသော စွမ်းဆောင်ရည်တွေ ပြသထားနိုင်တာကြောင့် မက်ဆီနဲ့ ရင်ဆိုင်ရချိန်မှာ သူတို့ဘက်က မက်ဆီကို ဟန့်တားဖို့အတွက် ရအောင် ကြိုးပမ်းသွားမယ်လို့ ဂျရူးက ပြောကြားလိုက်ပါတယ်။ ဂျရူးက “မက်ဆီဟာ တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ ကစားသမားပါ။ ဒါပေမယ့် ကျွန်တော်တို့ဘက်က သူရဲ့ အကောင်းဆုံးညတစ်ည မရနိုင်အောင် လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ ဒီပွဲကို အနိုင်ရပြီး ကမ္ဘာ့ဖလားကြီးကို ရယူသွားချင်ပါတယ်။ ဒါကြောင့် သူ့ကို တားဆီးဖို့ အရာအားလုံး ကြိုးစားသွားမှာပါ။ အဲ့ဒီအသင်းမှာလည်း မက်ဆီ တစ်ယောက်တည်း ရှိနေတာ မဟုတ်ပါဘူး။ သူတို့အသင်းမှာ အသင်းအပေါ် အရမ်း အကျိုးပြုနိုင်တဲ့ ကစားသမားကောင်းတွေ ရှိနေပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့အသင်းက အရမ်းကို တောင့်တင်းနေရတာပါ” လို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။ ပြင်သစ်နဲ့ အာဂျင်တီးနားအသင်းတို့ဟာ ၂၀၁၈ကမ္ဘာ့ဖလားတုန်းကလည်း (၁၆)သင်းအဆင့်မှာ တွေ့ဆုံထားခဲ့ဖူးပြီး ပြင်သစ်က (၄)ဂိုး (၃)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။