ချယ်လ်ဆီးအသင်းအတွက် ပွဲထွက်ကစားခွင့်မရခဲ့တာ လအတန်ကြာနေပြီဖြစ်သလို ပြီးခဲ့တဲ့ဆောင်းရာသီစျေးကွက်တုန်းကလည်း အသင်းကနေ ရောင်းချခံရဖို့ အတော်လေး နီးစပ်ခဲ့သေးတဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး အိုလီဗာဂျရှုးဟာ မနေ့ညက စပါးအသင်းနဲ့ ကစားသွားခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာ အသင်းအတွက် ပထမဆုံးအကြိမ် ပြန်လည်ပွဲထွက်ခွင့်ရခဲ့တဲအပြင် အဖွင့်ဂိုးကိုလည်း သွင်းယူပေးသွားနိုင်ခဲ့ပါသေးတယ်။ ဒီလို အသင်းနဲဲ့ ပြန်လည်ကစားခွင့်ရတဲ့ ပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြခဲ့တဲဲ့ ဂျရှုးက လာမယ့်ပွဲတွေမှာလည်း သူ့ကိုနေရာပေးလာဖို့ မျှော်လင့်မိကြောင်းကို ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Getty Images

အသက်၃၃နှစ်အရွှယ်ရှိပြီဖြစ်သော ဝါရင့်ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမားကြီး ဂျရှုးဟာ နိုဝင်ဘာလနောက်ပိုင်းကတည်းက ချယ်လ်ဆီးအသင်းအတွက် ပွဲထွက်ကစားခွင့်တွေ မရရှိတော့တာဖြစ်ပြီး အေဘရာဟမ် ဒဏ်ရာရပြီးနောက်ပိုင်း ဘတ်ရှုအာယီကလည်း အားကိုးမရတာကြောင့် မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ လူစားဝင်ကစားခွင့် စတင်ရခဲ့ပြီး အခုလန်ဒန်ဒါဘီမှာတော့ ပွဲထွက်ကစားခွင့်ကိုပါ ပြန်လည်ပိုင်ဆိုင်ခဲ့ပြီး အသင်းအတွက် အရေးပါလှတဲ့ သွင်းဂိုးတစ်ဂိုးကိုလည်း ပထမပိုင်းအတွင်းမှာ သွင်းယူခဲ့ပါတယ်။

Photo Credit : Getty Images

အခုလို အသင်းအတွက် ပြန်လည်ကစားပေးခွင့်ရတဲ့အပေါ် ဂျရှုးက “ကျွန်တော်က ချယ်လ်ဆီးကစားသမားတစ်ယောက်ပါ။ ဒီနေ့ ကျွန်တော်ပြသခဲ့တဲ့ ပုံစံလိုမျိုး ဒီအသင်းအတွက် အရေးပါလှတဲ့သူပဲ ဖြစ်စေချင်တယ်။ ဒါက အရေးကြီးပါတယ်။ ဒီနိုင်ပွဲက အသင်းသားတွေအတွက်ရော ကျွန်တော့်အတွက်ပါ အရမ်းကို အရေးကြီးပါတယ်။ ခင်ဗျားပြောသလိုပေါ့။ ကျွန်တော်ပွဲထွက်ခွင့်မရတာက ၃လရှိပါပြီ။ မှတ်မှတ်ရရဆိုရင်တော့ နိုဝင်ဘာလ ၃၀ရက်နေ့ကတည်းကပဲ။ ကျွန်တော် စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့တယ်။ ယူနိုက်တက်နဲ့ပွဲမှာပဲ ကျွန်တော်လူစားဝင် ကစားခွင့်ရလာခဲ့တယ်။ အဲ့ဒီပွဲမှာလည်း ကစားခဲဲ့တာ မဆိုးပါဘူး။ ရလဒ်ကတော့ ဆိုးခဲ့တာပေ့ါ။ နည်းပြရဲဲ့ယုံကြည်မှုကို ပြန်လည်ရယူဖို့အတွက် ကွင်းအတွင်းမှာ ကျွန်တော်ကြိုးစားသွားမယ်။ ကျွန်တော်အသင်းဖော်တွေအတွက်ကိုလည်း ကူညီပေးမယ်။ အခုလို ပွဲထွက်ခွင့်ရတဲ့အချိန်မှာ သွင်းဂိုးပါ ရယူနိုင်ခဲ့တာက ကျွန်တော့်အတွက် ယုံကြည်မှုကြီးတစ်ခု ဖြစ်စေခဲ့ရပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲဲ့ပါတယ်။