ယနေ့မနက် အစောပိုင်းမှာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ပြင်သစ် ၂-၁ အင်္ဂလန် ပွဲစဉ်အပြီးမှာ ပြင်သစ်အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ဝါရင့် တိုက်စစ်မှူးကြီး ဂျရူးက သူတို့အသင်းဟာ ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဗိုလ်စွဲခဲ့စဉ်က ရခဲ့တဲ့ စိတ်ဓာတ်မျိုးကို ပြန်ရနေပြီလို့ ကြွေးကြော်သွားခဲ့ပါတယ်။

ကမ္ဘာ့ဖလား လက်ရှိ ချန်ပီယံ ပြင်သစ်က ကွာတားဖိုင်နယ်မှာ နာမည်ကြီး အင်္ဂလန်နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့တာကြောင့် ပွဲဟာ အတော်လေးကို ကြည့်ကောင်းခဲ့ပါတယ်။

Photo Credit: BBC

အင်္ဂလန်က ပြင်သစ်ထက် ကစားသမား အင်အား ပိုမို တောင့်တင်းတာကြောင့် ပြင်သစ်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားသွားခဲ့ပြီး ပြင်သစ်ကတော့ ဂျရူး ၊ ဂရစ်ဇ်မန်း ၊ ရာဘီယော့ ၊ လိုရစ် ၊ ဗာရန်း စတဲ့ ဝါရင့် ကစားသမားတွေရဲ့ ဦးဆောင်မှုနဲ့အတူ အင်္ဂလန်ရဲ့ ဖိအားပေးမှုတွေကို ကြံ့ကြံ့ခံရင်း လိုချင်တဲ့ အနိုင်ရလဒ်ကို အရယူနိုင်ခဲ့ပါတယ်။

အင်္ဂလန် ၁-၂ ပြင်သစ် ပွဲစဉ်မှာ ပြင်သစ်ရဲ့ ခြေစွမ်းက အကောင်းကြီး မဟုတ်ခဲ့ပေမယ့် ပြင်သစ် ကစားသမားတွေက နိုင်ပွဲ ရအောင် ဘယ်လို ကစားရမလဲ ဆိုတာကို ကောင်းကောင်း သိခဲ့ကြပြီး ဂျရူးကတော့ သူတို့အသင်းဟာ ချန်ပီယံစိတ်ဓာတ်မျိုး ပြန်ရနေတာကြောင့် နိုင်ပွဲတွေကို အလွယ်တကူ ရှာဖွေနိုင်တယ်လို့ ပွဲအပြီးမှာ ထုတ်ပြောသွားခဲ့ပါတယ်။

Photo Credit: BBC

ဂျရူးက – “ဒီညပွဲက ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယံနဲ့ ရင်ဆိုင် ကစားခဲ့ရတဲ့ ပွဲကိုတောင် ပြန်ပြီး အမှတ်ရစေခဲ့ပါတယ်။ ကျွန်တော်တို့က အရာအားလုံး ပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့ကြတာပါ။ တဖက်အသင်းက ချေပဂိုး ရပြီးတဲ့နောက် သူတို့ဟာ အနိုင်ရလဒ်ကို ယူဆောင်နိုင်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း တန်ပြန်တိုက်စစ်တွေ ကနေ တဆင့် သူတို့ကို ကောင်းကောင်းကြီး ဒုက္ခပြန်ပေးနိုင်ခဲ့ပါတယ်။ ဟယ်ရီကိန်း တယောက် ပင်နယ်တီ လွဲခဲ့လို့ ကျွန်တော်တို့တွေ ကံကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အဆုံးအထိ တိုက်ပွဲဝင်ခဲ့ကြတာပါ။ ဒီပွဲက ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ အချိန်တွေကိုတောင် ပြန်ပြီး သတိရစေခဲ့ပါတယ်။ ကျွန်တော်တို့က အဲ့ဒီတုန်းက စိတ်ဓာတ်မျိုးကို ပြန်ရနေပါပြီ။ ကျွန်တော်တို့အသင်းက ဆီမီးဖိုင်နယ်နဲ့ ထိုက်တန်တဲ့ အသင်းပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။