MySport Myanmar

အသင်းအတွက် ဂိုးသမားအဖြစ် ကစားပေးရင်း Clean Sheet ပါ ရယူခဲ့တဲ့ ဂျရူး

ဂျီနိုအာအသင်း နဲ့ အေစီမီလန်အသင်းတို့ မနေ့ညက အီတလီ စီးရီးအေပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ မီလန်အသင်းရဲ့ ဝါရင့် တိုက်စစ်မှူးကြီး အိုလီဗီယာ ဂျရူးက ပွဲပြီးဆုံးခါနီး အသင်းရဲ့ ဂိုးပေါက်ကို ခဏတာ တာဝန်ယူပေးခဲ့ရပါတယ်။

ဒီပွဲစဉ်အတွင်းမှာ မီလန်ရဲ့ အားထားရတဲ့ ဂိုးသမား မီနွန် အနီကတ် ထုတ်ပယ်ခံလိုက်ရချိန်မှာ မီလန်ဘက်က ကစားသမား (၅)ဦးလုံး လူလဲထားပြီးချိန် ဖြစ်နေတာကြောင့် on field player တစ်ဦးကိုသာ ဂိုးဖမ်းဖို့ ရွေးချယ်ခဲ့ရပြီး ဝါရင့် တိုက်စစ်မှူးကြီး ဂျရူးကို ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : Twitter

မောင့်ပယ်လီယာ အာဆင်နယ် နဲ့ ချယ်လ်ဆီးအသင်းတွေမှာ ဂိုးတွေ တဒိုင်းဒိုင်း သွင်းယူခဲ့ပြီး မီလန်မှာလည်း အသင်းရဲ့ သွင်းဂိုး တာဝန်တွေကို အကောင်းဆုံး ထမ်းဆောင်နေတဲ့ ပြင်သစ်သားကြီး ဂျရူးကို ဂိုးသမားတစ်ဦးအဖြစ်နဲ့ မြင်တွေ့ရဖို့ဆိုတာ မလွယ်ကူလှပါဘူး။

ဒါပေမယ့်လည်း အသင်းအတွက် လိုအပ်လာချိန်မှာတော့ ဂျရူးက သွင်းဂိုးတာဝန်ရော အသင်းဂိုးပေါက် တာဝန်ကိုရောပါ ကျေကျေပွန်ပွန် ထမ်းဆောင်သွားနိုင်ခဲ့လို့ မီလန်လည်း (၃)မှတ်အပြည့် ရရှိသွားခဲ့ရပါတယ်။

Photo Credit : Twitter

အဲ့ဒီပွဲစဉ်မှာ ဧည့်သည် မီလန်အသင်းက ပွဲပြီးခါနီးမှာပဲ ပူလီဆစ်ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်ထားပြီးနောက် နာကျင် အချိန်ပိုအတွင်းမှာပဲ ဂိုးသမား မီနွန် ပြိုင်ဘက် ကစားသမားအပေါ် ကစားပုံ ကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

အဲ့ဒီအချိန်မှာပဲ မီလန် တိုက်စစ်မှူးကြီး ဂျရူးက အသင်းဂိုးပေါက်ကို ပြောင်းလဲ တာဝန်ယူခဲ့ရင်း ပွဲပြီးဆုံးခါနီးမှာ ဂျီနိုအာအသင်းရဲ့ ထိုးဖောက် တိုက်စစ်ဆင်လာမှုကနေ ရရှိလာတဲ့ အခွင့်အရေးတစ်ခုအား အလျင်အမြန် ဟန့်တားသွားနိုင်ခဲ့ပြီး ဘောလုံးကိုပါ ဖမ်းယူလိုက်နိုင်ရင်း ဂိုးမပေးရအောင် စွမ်းဆောင်ပေးသွားခဲ့ပါတယ်။ ဂိုးသမားအဖြစ် ခဏတာလေး တာဝန်ယူခဲ့ရပေမယ့်လည်း ဂျရူးဟာ အသင်းရဲ့နိုင်ပွဲမှာ အဓိက စွမ်းဆောင်ပေးနိုင်တဲ့ ကစားသမား ဖြစ်ခဲ့ရပါတယ်။

Exit mobile version