ချယ်လ်ဆီးအသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး အိုလီဗာဂျရှုးကတော့ ဒီနှစ်ဘောလုံးရာသီမှာ အသင်းအတွက် ပွဲထွက်ကစားခွင့်တွေ အလွန်နည်းပါးလာခဲ့ရတာကြောင့် လာမယ့်နှစ်မှာ ကျင်းပသွားမယ့် ယူရိုဖလားပြိုင်ပွဲမှာ သူရဲ့ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ဆင်နွဲခွင့်ရဖို့အတွက် လာမယ့်ဆောင်းစျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်လာခဲ့ကာ သူ့ကို ပုံမှန်နေရာပေးနိုင်မယ့် ကလပ်အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။

Photo Credit : Daily Mail

အသက်(၃၄)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဂျရှုးဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ(၆)ပွဲသာ ပါဝင်ကစားထားခဲ့ရပြီး ပရီးမီးယားလိဂ်မှာဆိုရင် တစ်ပွဲမှကို ပွဲထွက်မကစားခဲ့ရပဲ (၃)ပွဲသာ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ထားခဲ့ရပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမား တီမိုဝါနာကို လိုက်ပ်ဇစ်အသင်းကနေ ခေါ်ယူထားခဲ့တဲ့အပြင် အသင်းမှာလည်း တခြားသော တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်လည်း ရှိနေတာကြောင့် ဂျရှုးအနေနဲ့ အသင်းရဲ့တိုက်စစ်ပိုင်းမှာ နေရာရဖို့က ခက်ခဲနေခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Daily Mail

အာဆင်နယ်တိုက်စစ်ကစားသမားဟောင်း ဂျရှုးဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ကတည်းက အသင်းကနေ ထွက်ခွာဖို့ အစီအစဉ်ရှိခဲ့ပေမယ့်လည်း ချယ်လ်ဆီးဘက်ကတော့ ဂျရှုးကို လက်မလွတ်ခဲ့ပဲ တစ်နှစ်သက်တမ်းတိုးစာချုပ်ကိုသာ ချုပ်ဆိုဖြစ်ခဲ့လို့ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးနည်းပြလမ်းပတ်က ဂျရှုးကို စပါးအသင်းနဲ့ ကစားခဲ့ရတဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာပဲ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပြီး ပရီးမီးယားလိဂ်မှာတော့ လက်ရှိအချိန်ထိ မိနစ်ပေါင်း (၃၃)မိနစ်လေးပဲ ပါဝင်ကစားခဲ့ရပါတယ်။ ဒါကြောင့်မို့ ဂျရှုးဟာ ပုံမှန်ပွဲထွက်ခွင့်တွေ ရရှိနိုင်ဖို့အတွက် လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာ ချယ်လ်ဆီးကနေ ထွက်ခွာဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပြီး သူ့ကိုလည်း ပြင်သစ်လီဂူးက ကလပ်အသင်းတွေအပါအဝင် ဥရောပအသင်းပေါင်းများစွာကနေ စိတ်ဝင်စားလို့နေပါတယ်။ လက်ရှိမှာ ဂျရှုးဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း လပိုင်းသာ ကျန်ရှိတော့တာဖြစ်ပြီး လာမယ့်ဆောင်းစျေးကွက်မှာပဲ သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အလိုရှိနေတဲ့ ပြည်ပကလပ်အသင်းတွေနဲ့ အကြိုသဘောတူနိုင်ဖို့အတွက် ဆွေးနွေးနိုင်မှာဖြစ်သလို တခါတည်း အပြီးသတ်လည်း ပြောင်းရွှေ့ဖို့အတွက်လည်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂျရှုးဟာ ပြင်သစ်အသင်းနဲ့အတူ နိုင်ငံတကာရက်သတ္တပတ်ကို ဖြတ်သန်းဖို့အတွက် အသင်းနဲ့ ပူးပေါင်းနေပြီဖြစ်ပြီး အသင်းရဲ့ခြေစမ်းပွဲနဲ့ Nations League ပွဲတွေကို ဆင်နွဲရတော့မှာဖြစ်ပါတယ်။