ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချယ်လ်ဆီးအသင်းရဲ့ ဝါရင့် ပြင်သစ်တိုက်စစ်မှူး အိုလီဗာ ဂျရူးဟာ အီတလီ စီးရီးအေ ထိပ်သီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်အသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဒိုင်ဘာလာ ၊ ရိုနယ်ဒို စတဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် အထောင်တိုက်စစ်မှူး စစ်စစ် ဖြစ်တဲ့ ဟီဂူအင်ကို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့တာကြောင့် လက်ရှိ နွေစျေးကွက် အတွင်းမှာ အထောင် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ အတွက် ကြိုးစားနေတဲ့ အသင်းတစ်သင်းပါ။

Photo Credit: Metro

ဂျူဗင်တပ်အသင်းဟာ ဂျရူးကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်းကို စတင် ဖော်ပြလာတဲ့ သတင်းဌာနဟာ ဘောလုံးလောကရဲ့ အရှိန်အဝါအကြီးဆုံး သတင်းဌာန တစ်ခုဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ လက်ခွဲတစ်ခု ဖြစ်တဲ့ Sky Italy သတင်းဌာနပဲ ဖြစ်ပါတယ်။ ကနဦးမှာ ထွက်ရှိနေတဲ့ သတင်းတွေအရ ဂျူဗင်တပ်အသင်းဟာ ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ် ၊ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး မိုရာတာနဲ့ အဲဗာတန် တိုက်စစ်မှူး မွိုက်ဆီကိန်းတို့ကို ခေါ်ယူမယ်လို့ သိရှိထားရပေမယ့် ယနေ့မနက်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ဂျူဗင်တပ်အသင်း ဟာ အိုလီဗာဂျရူးကို ခေါ်ယူနိုင်ဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေကြောင်း သိရပါတယ်။

Photo Credit: Metro

ဂျူဗင်တပ်အသင်းဟာ ဆွာရက်ဇ်နဲ့ မိုရာတာကို ခေါ်ယူဖို့ အတွက် ကမ်းလှမ်းခဲ့ပေမယ့် အက်သလက်တီကို မက်ဒရစ်အသင်းက မိုရာတာကို ရောင်းချဖို့ ဆန္ဒမရှိသလို ဆွာရက်ဇ်ဟာလည်း အီတလီနိုင်ငံမှာ နေထိုင်ခွင့် ရရှိဖို့ ခက်ခဲနေတာကြောင့် ဂျရူးကို ခေါ်ယူဖို့ ပြန်ပြောင်း ကြိုးစားလာတာ ဖြစ်ကြောင်း အီတလီ သတင်းဌာနတွေက ဆိုပါတယ်။ အသက် ၃၃ နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဂျရူးဟာ မကြာသေးမီက ချယ်လ်ဆီးအသင်းမှာ နေရာရဖို့ တိုက်ပွဲဝင်သွားမယ် လို့ ဆိုထားပေမယ့် ဂျူဗင်တပ်အသင်းဘက်က ကမ်းလှမ်းလာချိန်မှာတော့ မငြင်းဆန်နိုင်ခဲ့ပဲ အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။ ဥရောပ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေကတော့ ဂျရူးနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ အပြောင်းအရွှေ့ဟာ မကြာမီမှာ ဖြစ်ပေါ်လာဖွယ် ရှိကြောင်း ခန့်မှန်းထားကြပြီး ဂျရူးအတွက် ဂျူဗင်တပ်အသင်းဟာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ကြေး ယူရို၁၀သန်းခန့် ပေးချေရမယ် လို့ သုံးသပ်ထားကြပါတယ်။