MySport Myanmar

ဒမ်ဘီလီကို ဘာလွန်းဒေါဆုရှင်တစ်ဦး ဖြစ်လာမယ်လို့ မထင်ခဲ့ကြောင်း ဂျရူး ဝန်ခံ

ပြင်သစ်တိုက်စစ်မှူးဟောင်း အိုလီဗီယာ ဂျရူးက အသင်းဖော်ဟောင်း အူစမန် ဒမ်ဘီလီရဲ့ Ballon d’Or အောင်မြင်မှုနောက်ကွယ်က အဓိကသော့ချက်ကို ရှင်းပြလိုက်ပြီး တစ်ချိန်က သူနဲ့အတူ လက်ရွေးစင်အသင်းမှာ တွဲကစားခဲ့စဉ်က တစ်နေ့နေ့မှာ ဒမ်ဘီလီ ဒီဆုကို ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်မြင်ခဲ့မိကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ညက ၂၀၂၅ ခုနှစ်အတွက် Ballon d’Or ဆုရှင်အဖြစ် ကြေညာခံခဲ့ရပြီး သူဟာ ပြီးခဲ့တဲ့ရာသီက (၃၅)ဂိုးအထိ သွင်းယူကာ ချန်ပီယံလိဂ်ဖလားကိုပါ ဆွတ်ခူးနိုင်ခဲ့တဲ့ အံ့မခန်းရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Goal

ဒမ်ဘီလီရဲ့ ကစားသမားဘဝဟာ အတက်အကျများစွာနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဘာစီလိုနာမှာရှိစဉ်က သူဟာ ဒဏ်ရာပြဿနာတွေနဲ့ ခြေစွမ်းမတည်ငြိမ်မှုတွေကြောင့် သူ့ရဲ့ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်ကြောင်း သက်သေပြနိုင်ပါ့မလားလို့ သံသယဝင်ခံခဲ့ရသူဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၃ ခုနှစ်မှာ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ခြင်းက သူ့အတွက် အဆုံးအဖြတ်အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပြီး ခြေစွမ်းနဲ့ ကြံ့ခိုင်မှုတွေ ပြန်လည်ရရှိကာ အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလားအောင်မြင်မှုမှာ အဓိကဇာတ်ကောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

L’Equipe သတင်းစာနဲ့ တွေ့ဆုံရာမှာ ဂျီရူးက ဒမ်ဘီလီရဲ့ အရည်အသွေးကို ဘယ်တုန်းကမှ သံသယမရှိခဲ့ပေမယ့် Ballon d’Or ဆုရှင်တစ်ဦးဖြစ်လာလိမ့်မယ်လို့တော့ မမျှော်လင့်ခဲ့မိကြောင်း ဝန်ခံခဲ့ပါတယ်။ “သူ့ကို အလားအလာရှိတဲ့ Ballon d’Or ဆုရှင်တစ်ယောက်အဖြစ် ကျွန်တော်မြင်ခဲ့လား? ပြောဖို့ခက်ပါတယ်၊ ဒါပေမဲ့ ပြင်သစ်လက်ရွေးစင်အသင်းမှာ သူ့ကို နေ့တိုင်းတွေ့ခဲ့ရချိန်ကတော့ ဒါက ဖြစ်နိုင်ခြေတစ်ခုလို့ ကျွန်တော် မမြင်ခဲ့မိပါဘူး။” လို့ ပြင်သစ်အသင်းခေါင်းဆောင်ဟောင်းက ပြောကြားခဲ့ပါတယ်။

Photo Credit : Foot Africa

“Ballon d’Or ဆုကိုရဖို့အတွက် ခင်ဗျားမှာ အရည်အချင်းရှိရမယ်။ ဒါပေမဲ့ ရာသီကောင်းတစ်ခုကိုလည်း ပိုင်ဆိုင်ဖို့လိုတယ်။ သူ့မှာ အရည်အချင်းရှိတယ်။ ဒါပေမဲ့ သူက အရာအားလုံးကို အနိုင်ရနေတဲ့အချိန် မှန်ကန်တဲ့ကလပ်အသင်းမှာ ရာသီကောင်းတစ်ခုကို ပိုင်ဆိုင်ဖို့ လိုအပ်ခဲ့တယ်။ Ballon d’Or ဆိုတာ အမြဲတမ်း အသင်းလိုက်အောင်မြင်မှုတွေအပေါ်မှာ မူတည်နေတာပါ။” လို့ ဂျီရူးက ရှင်းပြခဲ့ပါတယ်။

Ballon d’Or ဆုရှင်သစ် ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်ကာလက ရရှိခဲ့တဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ ကြိုးစားနေဆဲဖြစ်ပြီး တနင်္လာနေ့က မာဆေးလ်နဲ့ ရွှေ့ဆိုင်းထားတဲ့ လီဂူးဝမ်းပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ တောင်ပံကစားသမားဟာ လာမယ့် စနေနေ့မှာကစားမယ့် အော်ဆေးလ်နဲ့ပွဲစဉ်မှာ အသင်းအတွက် ပြန်လည်ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။

Exit mobile version