ဟီရိုနာအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ စပိန် လာလီဂါပွဲစဉ်မှာ ရီးယဲလ်အသင်းဘက်ကို တစ်ဦးတည်း သွင်းဂိုး (၄)ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ဟီရိုနာ တိုက်စစ်ကစားသမား ဗယ်လင်တင်းကက်စတယ်လာနိုစ်ကို ဥရောပ ကလပ်အသင်းတွေက စတင် စိတ်ဝင်စားလာကြပြီလို့ သိရပါတယ်။
Photo Credit : Daily Mail
အသက်(၂၄)နှစ်အရွယ် အာဂျင်တီးနား တိုက်စစ်ကစားသမား ကက်စတယ်လာနိုစ်ဟာ တကယ်တော့ အမေရိကန် မေဂျာလိဂ်ကလပ် နယူးယော့ခ်စီးတီးFC အသင်းမှာ ပါဝင်ကစားနေတာဖြစ်ပြီး City Football Group ရဲ့ ပါတနာအသင်းဖြစ်တဲ့ ဟီရိုနာဆီမှာ တစ်ရာသီ အငှားနဲ့ လာရောက် ကစားနေတာ ဖြစ်ပါတယ်။ ကက်စတယ်လာနိုစ်က သူရဲ့ စီနီယာ ကစားသမားဘဝကို City Football Group ရဲ့ အသင်းတစ်သင်းဖြစ်သော Torque အသင်းနဲ့ စတင်ခဲ့တာဖြစ်ပြီး Torque ကနေ NYFC ၊ NYFC ကနေ ဟီရိုနာဆီ ရောက်ရှိနေရတာ ဖြစ်ပါတယ်။
Photo Credit : Daily Mail
အာဂျင်တီးနား ယူ-၂၃အသင်းအတွက် (၆)ပွဲ ကစားထားဖူးတဲ့ ကက်စတယ်လာနိုစ်ဟာ တကယ်တော့ လူသိနည်းလှတဲ့ ကစားသမားတစ်ဦး ဖြစ်နေပေမယ့် ရီးယဲလ်မက်ဒရစ်လို အသင်းမျိုးဘက်ကို သူတစ်ဦးတည်း (၄)ဂိုး သွင်းယူပြီးနောက်မှာတော့ သူ့ကို ဘောလုံးလောက တစ်ခုလုံးက စတင် သတိထားမိလာပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ (၂၁)နှစ် ရာစုနှစ်အတွင်း ရီးယဲလ်အသင်းကို လာလီဂါပြိုင်ပွဲထဲ (၄)ဂိုး သွင်းယူတဲ့ ကစားသမားက တစ်ဦးတစ်ယောက်မှ ရှိမနေပဲ ကက်စတယ်လာနိုစ်လို မထင်မရှား ကစားသမားက ဒီလို အလန်းစား မှတ်တမ်းကောင်းတစ်ခုကို ရယူလိုက်နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။
Photo Credit : Daily Mail
ဒီ ကစားသမားနဲ့ ပတ်သတ်ပြီးတော့လည်း စီးတီးနည်းပြ ဂွာဒီယိုလာက “ကက်စတယ်လာနိုစ်က ဥရောပမှာ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်မယ့် ကစားသမားတစ်ဦးလို့ ကျွန်တော် ထင်ပါတယ်။ ကင်းထောက်ဌာနက ကျွန်တော့်ကို စကားလာပြောတဲ့အခါ ကျွန်တော် မြင်ခဲ့ရတာက သူဟာ အရည်အသွေးရှိတဲ့ ကစားသမား ၊ ဥရောပမှာ နောက်တစ်ဆင့် တတ်လှမ်းဖို့ ready ဖြစ်နေတဲ့ ကစားသမားဆိုတာကို သတိထားမိတယ်” လို့ လွန်ခဲ့တဲ့ ၂၀၂၁ခုနှစ်မှာပဲ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။