MySport Myanmar

ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ မန်ယူနဲ့ သဘောတူညီမှု ရရှိထားခဲ့တဲ့ ဂျီရိုနာ

စပိန် လာလီဂါကလပ် ဂျီရိုနာအသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဒွန်နီ ဗန်ဒီဘိခ်ကို ခေါ်ယူသွားဖို့အတွက် အသင်းနှစ်သင်းကြား သဘောတူညီမှု ရရှိထားခဲ့ပြီဖြစ်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိဖို့သာ ကျန်ရှိနေပါတော့တယ်။

လာမယ့် ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ပါဝင်ဆင်နွဲသွားရတော့မယ့် ဂျီရိုနာအသင်းဟာ ကစားသမားအင်အား တောင့်တင်းနေစေဖို့အတွက် ဒီနွေဈေးကွက်မှာ ကစားသမားသစ် ခေါ်ယူမှုတွေကို အမြောက်အများ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

Photo Credit : Reuters

ဂျီရိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက အသင်းမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ အလက်ဆစ် ဂါဆီယာကို လေဗာကူဆင်အသင်းဆီ လက်လွတ်ထားရတာမို့ ဂါဆီယာနေရာမှာ နောက်ထပ် ကွင်းလယ်လူတစ်ဦးကို ပြန်လည် အစားထိုးသွားဖို့အတွက် ယူနိုက်တက် ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ကို မျက်စိကျလာခဲ့ပါတယ်။

အသက် (၂၇)နှစ်အရွယ် နယ်သာလန် လက်ရွေးစင်ဟောင်း ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ အေဂျက်စ်အသင်းနဲ့ အလွန် တောက်ပခဲ့သူ ဖြစ်ပေမယ့်လည်း ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ပြီးနောက်ပိုင်း ပွဲကစားခွင့်တွေ နည်းပါးလာခဲ့ရင်း ခြေစွမ်းပိုင်းတွေလည်း ကျဆင်းလာခဲ့ရသလို အဲဗာတန် ဖရန့်ဖတ်အသင်းတွေမှာပါ ရာသီဝက် အငှားတွေနဲ့ ကျင်လည်ခဲ့ရပါသေးတယ်။

Photo Credit : Manchester United

ယူနိုက်တက်နဲ့လည်း စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်မှာ နေရာမရနိုင်တော့မှန်း သိနေတဲ့အတွက် အခုနွေမှာပဲ အသင်းကနေ အပြီးသတ် ထွက်ခွာဖို့ စီစဉ်နေသလို အသင်းဘက်ကလည်း သူ့ကို ရောင်းချသွားချင်နေပါတယ်။ လက်ရှိမှာ ယူနိုက်တက်က ဗန်ဒီဘိခ်ကို ဂျီရိုနာအသင်းဆီ အလွန်နည်းပါးတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ရောင်းချသွားတော့မှာပဲ ဖြစ်ပါတယ်။

ဂျီရိုနာက ဗန်ဒီဘိခ်အတွက် ပြောင်းရွှေ့ကြေး ပေါင် (၅၀၀၀၀၀)လောက်နဲ့သာ ခေါ်ယူသွားမှာဖြစ်ပြီး လာမယ့် ဘောလုံးရာသီအတွင်း ဂျီရိုနာအတွက် ဗန်ဒီဘိခ် ပါဝင်ကစားနိုင်မယ့် ပွဲအရေအတွက်နဲ့ ပတ်သက်ပြီး အပိုဆုကြေးက ယူရို(၄)သန်း (၅)သန်းလောက်အထိ ယူနိုက်တက်က ရရှိမှာဖြစ်ကာ ဒီထက်မက ပိုခြေစွမ်းပြနိုင်ရင်တော့ အပိုဆုကြေးက ယူရို(၁၀)သန်း (၁၅)သန်းလောက်အထိ မြင့်မားသွားနိုင်ပါတယ်။ အခုကတော့ ဂျီရိုနာနဲ့ ယူနိုက်တက်တို့ကြားမှာသာ သဘောတူညီမှု ရရှိထားသေးတာဖြစ်ပြီး ဗန်ဒီဘိခ်နဲ့ သဘောတူညီမှု ရရှိဖို့ လာမယ့်တစ်ပတ်မှာ ကြိုးပမ်းသွားမှာဖြစ်ပြီး သဘောတူညီပြီ ဆိုတာနဲ့ sell-on clause ပါ ထည့်သွင်းနိုင်ပါတယ်။

Exit mobile version